ကန်တော်လေး ပစ်ခတ်ဖြိုခွင်းခံရ

 ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေး၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများအား ပစ်ခတ်ဖြိုခွင်းလျက်ရှိနေကြောင်း သတင်းရရှိသည်။

မြန်မာ့ဂုဏ်ရည်လမ်းနှင့် အောက်မန္တလေးလမ်းထိပ်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့များ တပ်စွဲထားရှိပြီး မြန်မာ့ဂုဏ်လမ်းပေါ်တွင်ရပ်ထားသော ကားများအား ယနေ့ ၃နာရီခွဲအချိန်ခန့်က စစ်တပ်နှင့် ရဲများမှ ဖျက်ဆီးခဲ့ကြောင်းမြေပြင်သတင်းရရှိမှုများအရသိရသည်။

ထို့အပြင် အိမ်များကိုလည်း ဝရံတာများမှ ထွက်ကြည့်သူများအား သေနတ်ဖြင့် ချိန်ထားခြင်းမျိုးအထိလည်း ရှိနေကြောင်း ၄င်းရပ်ကွက်များအတွင်း နေထိုင်သော နေအိမ်များမှ သိရှိရသည်။



ပါရမီလမ်းမပေါ်ရှိ သပိတ်ခံတပ်များ လုံခြုံဘေးကင်းလျက်ရှိ

 ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ပါရမီလမ်းမပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိပြီး ဘေးကင်းလုံခြုံလျက်ရှိနေကြောင်းသတင်းရရှိသည်။

ဆန္ဒထုတ်ဖော်သူများမှ ထဘီခံတပ်ပြုလုပ်ထားရှိပြီး ခံတပ်မှာ ဘေးကင်းလုံခြုံလျက်ရှိကြောင်းလည်းသိရသည်။


 

တာမွေမြို့နယ်သြဘာလမ်းတွင် အသံဗုံးများဖြင့် ဆန္ဒထုတ်ဖော်နေသူများအား ဖြိုခွင်း

 မတ်လ(၆)ရက်နေ့၊ နေ့လည် ၂နာရီခွဲအချိန်ခန့်တွင် တာမွေမြို့နယ်၊ သြဘာလမ်းတွင် ဆန္ဒထုတ်ဖော်နေကြသူများအား ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ၊ အသံဗုံးများဖြင့် ပစ်ခတ်ဖြိခွင်းခဲ့ကြောင်း သိရသည်။

ထိုသို့ဖြိုခွင်းခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်နေကြသူများမှ ထိခိုက်မှုမရှိစေရန်အတွက် ဆုတ်ခွာခဲ့သည်။



၀ါရှင်တန်ရှိ မြန်မာသံရုံး ပြည်သူများကို ကိုယ်စားပြုသည့်သံရုံအနေနှင့် ဆက်လက်ရပ်တည်နေမည်

၂၀၂၁ ခုနှစ်၊ မတ်လ (၄)ရက်နေ့တွင်၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးအနေဖြင့် အချုပ်အချာအာဏာပိုင်နိုင်ငံတော်နှင့်၊ ပြည်သူများကို ကိုယ်စားပြုသည့်သံရုံးအနေနှင့် ဆက်လက်ရပ်တည်နေမည်ဖြစ်ပြီး သံရုံး၀န်ထမ်းထားများသည်လည်း နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် တာ၀န်များကို ထမ်းဆောင်မည်ဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

မကြာသေးမီရက်များအတွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားသုံးနှိမ်နင်းမှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူပြည်သူများ အသက်ဆုံးရှုံးမှုများမြင်ခဲ့ရမှုအပေါ် ဝမ်းနည်းစွာခံစားရပြီး ယင်းသို့ အင်အားသုံးနှိမ်နင်းခဲ့ခြင်းကိုလည်း ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အနည်းဆုံးအင်အားသုံး၍ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်မည်ဆိုသည့် နိုင်ငံတော်၏ ရပ်တည်ချက် အပြည့်အဝအကောင်အထည်ရန်ကိုလည်း အထူးမြင်တွေ့လိုကြောင်း အဆိုပါကြေညာချက်တွင် ပါ၀င်သည်။ 


လက်ရှိ မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန် အစိုးရ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ သတင်းထုတ်ပြန်ချက်များနှင့် မှတ်ချက်များကို အလေးအနက်ထား မှတ်သားထားကြောင်း ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်ရှိ မြန်မာသံရုံး၊ ဂျီနီဗာရှိ မြန်မာသံရုံး အပါအဝင် မြန်မာသံရုံးများမှ ဝန်ထမ်းများသည် မတ် ၄ ရက်မှစ၍ငြိမ်းချမ်းစွာဖြင့် ပြည်သူ့အာဏာဖီဆန်​ရေး လှုပ်ရှားမှု CDM တွင် ကျယ်ပြန့်စွာ ပါဝင်လာကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရ

 အာဏာလုစစ်တပ်နှင့် ရဲတပ်ဖွဲ့မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်အား မတ်လ ၃ရက်နေ့ ည၁၁နာရီအချိန်ခန့်တွင် ၀င်ရောက်စီးနင်း အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြောင့် အသင်းသားများ ရိုက်နှက်ခံခဲ့ရပြီး စေတနာ့၀န်ထမ်း တစ်ဦးနှင့် ၀န်ထမ်းတစ်ဦး ခေါင်းကွဲသွားပြီး မစိုးရိမ်ရကြောင်း အဆိုပါအသင်း၏ အသင်းသားတစ်ဦးပြောကြားချက်အရ သိရသည်။

အသင်းသားများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိသော်လည်း အသင်းပိုင်ပစ္စည်းများအားရိုက်ခဲ့ဖျက်ဆီးခဲ့ပြီး ဥက္ကဌဦးကျော်သူ၏ အခန်းအတွင်းမှ ရုပ်ရိုက်ရိုက်ကူး‌ရေးတွင် အသုံးပြုသော တည်းဖြတ်စက်နှင့် အခြားပစ္စည်းများကို သိမ်းဆည်းယူဆောင်သွားခဲ့ပြီး ဘုရားခန်းအပါ မှန်များခွဲ၍ ဖျက်ဆီးခဲ့ပြီး ဥက္ကဌဦးကျော်သူအား ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ရကြောင်းသိရသည်။ 

ရန်ကုန်မြောက်ဥက္ကလာပမြို့နယ်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူများအား ကူညီပေးနေသော မွန်မြတ်စိတ်ထား လူမှုကူညီရေးအသင်းယာဥ်မှ ကျန်းမာ‌ရေးစေတနာ့၀န်ထမ်းများကို ရဲယူနီဖာင်းဝတ်ဆင်ထားသူများမှ အကြမ်းဖက်ရိုက်နှက်နေသည် ဗီဒီယိုမှတ်တမ်းများလည်း ထွက်ပေါ်ခဲ့ပြီး အဆိုပါ စေတနာ့၀န်ထမ်းများအား ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လူမှုကူညီရေးအသင်းယာဥ်ကိုလည်း ဖျက်ဆီးခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ မှော်ပညာ/လောကီအဖွဲ့များမှစုပေါင်းသဘောထားထုတ်ပြန်ခြင်း

 ၂၀၂၁ ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းရှိ မှော်/လောကီပညာဆိုင်ရာအဖွဲ့များမှ ပူးပေါင်း၍ သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အထက်မြန်မာပြည် မာလင်အသင်းတော်၊ မိုင်းမောစော်ဘွားအိမ်တော်၊ Society of Mythology and Witchcraft၊ La Sanctus School of Arcane၊ KCB Witchcraft Society၊ The Witchcraft Academy၊ Witchcraft Conference Association Witchcraft (WCAW)၊ Devil's Kid Coven၊ Devil's Kid Coven၊ ပဉ္စဂုရုမှော်အဖွဲ့၊ ခွန်စစ်သိုင် (အင်းစမပညာရှင်) စသော မှော်/လောကီပညာဆိုင်ရာအဖွဲ့ (၈)ဖွဲ့တို့မှ ပူးပေါင်း၍ သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ သဘောထားထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

 ၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်သည် နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံအတွက် အရေးပါသောသူများ၊ လွှတ်တော် အစည်းအဝေးတက်ရောက်ကြမည့် ရွေးကောက်ခံလွှတ်တော်အမတ်များအား ဖမ်းဆီးထိန်းသိမ်းခဲ့တာ ၎င်းတို့ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင်ချိုးဖောက်ခဲ့ကာ နိုင်ငံအား အရေးပေါ်အခြေအနေအဖြစ် ကြေငြာခဲ့ပြီး တပ်မတော်မှ နိုင်ငံ အာဏာကို သိမ်းယူခဲ့ပါသည်။

၂။ ထို့ကြောင့် မှော်အဖွဲ့/ လောကီပညာအဖွဲ့အစည်းအချို့က လက်မခံကြောင်း ကြေငြာချက်များ အတိအလင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၃။ ယခုအခါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာခြင်းခံထားရသော အာဏာသိမ်းစစ်တပ်နှင့် ရဲတပ်ဖွဲ့၀င်များသည် ငြိမ်းချမ်းစွာဆန္ဒပြနေသူများ ရော်ဘာကျည်များနှင့်ကျည်အစစ်များထည့်ထားသောသေနတ်များ၊ လေးခွများ၊ သံတုတ်များ၊ မျက်ရည်ယို ဗုံးများ၊ အသံဗုံးများ၊ မီးခိုးဗုံးများအသုံးပြုကာ ရက်စက်အကြမ်းဖက်စွာ အသက်များသေဆုံးသည်အထိ နှိမ်နင်းခြင်း၊ ခေါင်းတည့်တည့်ကို ထိမှန်အောင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်း၊ လူနာတင်ကားများကို ဖျက်စီးခြင်း၊ စစ်မြေပြင်အလား ကောင်းကင်မှ စစ်တပ်ပိုင်လေယာဉ်များကို အသုံးချကာ ဓာတ်ငွေ့ဗုံဟု ယူဆရသောအရာများကို ကြဲချခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြသူများကိုဖမ်းဆီးခြင်း၊ လူနာတင်ကားများပေါ်တွင် ပြည်သူများ ဒဏ်ရာအနာတရစောင့်ရှောက်ကူညီရန် လိုက်ပါလာသူ စေတနာ့၀န်ထမ်းများကို ရက်စက်စွာရိုက်နှက်နှိပ်စက်ခြင်း၊ လူထု အသုံးအဆောင်များ အစား အသောက်များကို အခကြေးငွေ တစ်ပြားတစ်ချပ်မှ မပေးဘဲ လုယက်ဖျက်ဆီးခိုးယူကြခြင်း စသည်တို့အပြင် မဖော်ပြနိုင် သေးသော အခြားသော ရက်စက်သောလုပ်ရပ်များကို ဆက်တိုက်ကျူးလွန်ခဲ့ကြပါသည်။
၄။ သို့ဖြစ်ပါ၍ အောက်ပါအဖွဲ့များအနေဖြင့် စစ်တပ်၊ ရဲ နှင့် ၎င်းတို့ မိသားစုများကို မှော်သင်တန်းတွင် လက်ခံခြင်း၊ ဗေဒင်ဟောခြင်း၊ အဆောင်ရောင်းခြင်း၊ တပည့်အဖြစ်သတ်မှတ်ပညာသင်ကြားခြင်း စသည်တို့ကို ပြုလုပ်တော့မည်မဟုတ်ပါ။
၅။ လောကီနှင့် မှော်ပညာရပ်များသည် မင်းမိန့်အာဏာစက်များပေါ်တွင် ဦးတည်လုပ်ဆောင်နေရသည် ဖြစ်ရာ ကျွန်ုပ်တို့ ပညာရပ်များသည် တရား၀င်ပြည်သူ့အစိုးရနှင့် CRPH တို့ အာဏာစက်အောက်တွင်သာ ရှိနေသည်ဖြစ်ရာ တရားမ၀င်သော အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာခြင်းခံထားရသည့် စစ်ကောင်စီ၏ အာဏာစက်သည် ပြည်တွင်းလောကီနှင့် မှော်ပညာရှင်များ ပြည်သူများအပေါ်တွင် သက်ရောက်ခြင်း မရှိသဖြင့် စစ်ကောင်စီမှ အကယ်၍ ယတြာများ အစီအရင်များလုပ်ခဲ့သည်ရှိသော် ပြည်သူအပေါ်သို့ လုံး၀ သက်ရောက်ခြင်းမရှိကြောင်းကို အတိအလင်းကြေငြာအပ်ပါသည်။
၆။ လောကီနှင့် မှော်ပညာရပ်များကို လုပ်ကိုင်နေသူများအနေဖြင့်လည်း ပြည်သူဘက်မှ တတ်နိုင်သောဘက် ဖြင့် ပါ၀င်ကူညီပေးကြပါရန်၊ နတ်ဒေ၀တာများအနေနှင့်လည်း အမှန်တရားဘက်မှ ရပ်တည်ပေးပါရန် တောင်းဆိုလိုက်သည်။
၇။ မြန်မာပြည်တွင်း မှီတည်နေထိုင်ကြသော သမ္မာဒေ၀ နတ်များ၊ ရုက္ခစိုး ဘုမ္မစိူး တောစောင့်နတ်၊ တောင်စောင့်နတ်၊ မြို့စောင့်နတ်များအနေဖြင့် အမှန်တရားဘက်မှရပ်တည်ပြီး လက်ရှိမြန်မာနှစ်မကုန်မီ ၁၆ ရက် ဧပြီလ ၂၀၂၁ သန်းခေါင်ယံမတိုင်မီ သိသာထင်ရှားမှုကို ပြသပေးပါရန်တောင်းဆိုလိုက်သည်။ အကယ်၍ အမှန်တရားကို ထိုနေ့အထိ မျက်ကွယ်ပြုနေပါက ထိုနတ်များကိုလည်း တစ်နိုင်ငံလုံးမှ ကန်တော့ပွဲ မတင်ခြင်းကဲ့သို့သော social punishment များကို လုပ်ဆောင်သွားမည်ဖြစ်သည်။
၈။ ထို့အပြင် စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ အာဏာသိမ်း ကာလအတွင်းဖမ်းဆီးထားသူများ၊ နိုင်ငံ့ ခေါင်းဆောင်များကို ခြွင်းချက်မရှိပြန်လွှတ်ပေးရန်၊ အရေးပေါ်အခြေအနေ ကြေငြာထားမှုကို ရုတ်သိမ်းပြီး ၂၀၂၀ ခူနှစ် နို၀င်ဘာလရွေးကောက်ပွဲရလဒ်များ အတိုင်း ဆက်လက်လုပ်ဆောင်ပေးရန်တိုက်တွန်းလိုက်သည်။