မလေးရှား ကျွန်းတခုတွင် တရားမဝင် မြန်မာ ၃၅၀ ကျော် ဖမ်းမိ

နယူးဒေလီ (မဇ္ဈိမ)။   ။ မလေးရှားနိုင်ငံ၏ ကျွန်းစုလေးတခုဖြစ်သည့် Langkawi တွင် သစ်သားလှေ နှစ်စီးဖြင့် တရားမဝင် ခိုးဝင်လာသော မြန်မာ ၃၅၄ ဦး အင်္ဂါနေ့က ဖမ်းဆီးရမိကြောင်း သိရသည်။
 
ဇန်နဝါရီလ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် ဒေသခံ တံငါများက ၎င်းတို့အား Kuala Chenang ကမ်းခြေမှ မီတာ ၂၀၀ အကွာ လှိုင်းကာအောက်တွင် ခိုလှုံနေကြသည်ကို ကနဦးတွေ့ရပြီး ဒေသခံ ရဲများက နံနက် ၃ နာရီခန့်တွင် သွားရောက် ဝိုင်းပတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲဝန်အား ကိုးကား၍ The Star သတင်းတရပ်တွင် ရေးသားထားသည်။
 
မီတာ ၂၀ ခန့်ရှည်သည့် သစ်သားလှေနှစ်စီးအနက် တစီးပေါ်တွင် အမျိုးသားကြီး ၉၄ ဦး၊ အမျိုးသမီးကြီး ၁၈ ဦးနှင့် မိန်းကလေး ၃၁ ဦး ပါဝင်ပြီး အခြားတစီးပေါ်တွင် အမျိုးသားကြီး ၂၀၇ ဦးနှင့် ယောက်ျားလေး ၄ ဦးတို့ကို တွေ့ရှိရပြီး အယောက် ၄၀ မှာ ရိက္ခာရှာထွက်နေ၍ မတွေ့ရှိခဲ့ရဟု ဆိုသည်။
 
လှေတစင်းမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ လွန်ခဲ့သော ရက် ၂၀ ခန့်ကတည်းက ထိုကျွန်းစုသို့ ဦးတည်လာခဲ့ပြီး အခြားတစီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Peknaf မှ လွန်ခဲ့သော ၁၇ ရက်က ထွက်ခွါလာခဲ့ကာ ထိုကျွန်းစုသို့ပင် ဦးတည်လာခဲ့ခြင်း ဖြစ်သည်။
 
၎င်းတို့ အားလုံးတွင် ခရီးသွား စာရက်စာတမ်း တစုံတရာ မပါရှိကြ၍ တရားမဝင် ခိုးဝင်မှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်ရန် ခရိုင် ရဲဌာနချုပ်တွင် ဖမ်းဆီးထားသည်။
 
ဤအကြိမ်မှာ မလေးရှားနိုင်ငံသို့ ထိုကျွန်းမှတဆင့် မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက် တရားမဝင် ခိုးဝင်ရန် ကြိုးစားမှု ဒုတိယအကြိမ် ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ လူ ၅၀၀ မှာ လှေတစီးပေါ်မှ ခုန်ချကာ မီတာ ၅၀၀ အကွာ ထိုကျွန်းစု၏ Teluk Burau ကမ်းခြေသို့ လက်ပစ်ကူးခတ် လာခဲ့ကြဖူးသည်။ ၎င်းတို့အထဲတွင် အချို့ကလေးငယ်များမှာ အသက် ၇ နှစ်မျှသာ ရှိကြသည်။
 
၎င်းအုပ်စုအားလည်း သစ်တောအုပ်တခုတွင် ဖြတ်သန်းနေစဉ် ဒေသခံ ရဲများက အငိုက်ဖမ်းမိခဲ့သည်ဟု ဆိုသည်။
 
အလားတူ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်လာသူ ရိုဟင်ဂျာ ၇၀၀ ခန့်ကို စံခလခရိုင်တွင်း နှစ်ကြိမ်ခွဲ၍ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အရေး ကုလသမဂ္ဂ ဒုက္ခသည်ရုံး UNHCR နှင့် မဆွေးနွေးမီ လူသားချင်း စာနာမှု မူများအရ ထိုင်းအစိုးရက စောင့်ရှောက်ထားမည်ဟု ထိုင်းဝန်ကြီးချုပ်က အင်္ဂါနေ့တွင် သတင်းထောက်များအား ပြောဆိုခဲ့သည်။

https://www.facebook.com/notes/mizzima-news-in-burmese/%E1%80%99%E1%80%B1%E1%80%9C%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%80%B8-%E1%80%80%E1%81%BD%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%90%E1%80%81%E1%80%AF%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%99%E1%80%9D%E1%80%84%E1%80%B9-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC-%E1%81%83%E1%81%85%E1%81%80-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9-%E1%80%96%E1%80%99%E1%80%B9%E1%80%B8%E1%80%99%E1%80%AD/520547197980190

0 မှတ်ချက်များ: