အလောင်းမင်းတရားကြီး၏ ရွှေစာချွန်လွှာ ပြန်လွှဲပေးရန် ဂျာမနီလုပ်ဆောင်

ဂျာမနီနိုင်ငံဟန်နိုဗာမြို့ရှိ Leibniz စာကြည့်တိုက်တွင် နှစ်ပေါင်း ၂၅ဝ ခန့်ထိန်းသိမ်းထားသော အလောင်းမင်း တရားကြီး၏ ရွှေစာချွန်လွှာ အား မြန်မာနိုင်ငံ သို့ ပြန်လည်လွှဲပြောင်းပေးရန် လုပ် ဆောင်နေပြီး နေပြည်တော်ရှိ ဆောက်လုပ်ဆဲ အမျိုးသားပြတိုက်ဖွင့်ပွဲ အမီလွှဲပြောင်းပေးနိုင်လိမ့်မည်ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ကော်နယ်လီယာ ပိုက်ပါက ပြောသည်။

''ဒီရွှေပေလွှာကို ပြန်လည်လွှဲ ပြောင်းပေးဖို့ ကျွန်မတို့ လုပ်နိုင်တာ အကုန်လုံးလုပ်ပြီးသွားပြီ'' ဟု အထက် ပါ ဝန်ကြီးက ဆိုသည်။

ကုန်းဘောင်မင်းဆက် တည် ထောင်သူ အလောင်းမင်းတရားကြီး ဦး အောင်ဇေယျက ၁၇၅၆ ခုနှစ်တွင် ဗြိ တိန်အင်ပါယာပြည့်ရှင် ဒုတိယမြောက် ဂျော့ခ်ျဘုရင်ထံသို့ ပုသိမ်မြို့တွင် ဆိပ် ကမ်းဖွင့်ခွင့်ပြု မည့်အကြောင်း ရွှေသား အတိပြီးသော စာချွန်တော် ပေးပို့ခဲ့သည်။ အဆိုပါ ရွှေစာချွန်လွှာအား ဂျော့ခ်ျ ဘုရင်က ၄င်း၏ မွေးရပ်ဇာတိ ဖြစ်သော ဟန်နိုဗာမြို့Leibniz စာကြည့်တိုက်သို့ ပေးပို့၍ သိမ်းဆည်းထားစေ ခဲ့သည်ဟု သိရသည်။

သို့ရာတွင် မူရင်းရွှေစာချွန်လွှာကို ပြန်လည်လွှဲအပ်ပေးနိုင်ခြင်း ရှိ၊ မရှိ သည် ဟန်နိုဗာပြည်နယ် အစိုးရနှင့် စာကြည့်တိုက်၏ သဘောထားအပေါ်တွင် မူတည်သည်ဟု ကော်နယ်လီယာ ပိုက်ပါက ဆိုသည်။

''မူရင်းကို ပြန်ပေးနိုင်၊ မပေးနိုင်ကတော့ ကျွန်မတို့ ပြည်ထောင်စု အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မရှိပါဘူး'' ဟု သူမက ပြောသည်။

ရွှေစာချွန်လွှာမူရင်းကိုဖြစ်စေ၊ သိပ္ပံ နည်းကျပြုလုပ်မည့် မိတ္တူ ကိုဖြစ်စေ နေ ပြည်တော်တွင် ဆောက်လုပ်လျက်ရှိ သော အမျိုးသားပြတိုက် ဖွင့်ပွဲအမီ ပေး ပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း သူမက ပြောသည်။

ယခုကဲ့သို့ အလောင်းမင်းတရား ၏ ၁၈ ရာစု ရှေးဟောင်းလက်ရာ ကို ပြန်လွှဲပေးရေးသည် ဂျာမနီနှင့် မြန်မာ နှစ်နိုင်ငံကြား စာပေနှင့် ယဉ်ကျေးမှု ဖလှယ်ရေး တစ်စိတ်တစ်ပိုင်း ဖြစ်သည် ဟု သိရသည်။

''ကျွန်မတို့ မနေ့က (ဇူလိုင်လ ၁၅ ရက်) မြန်မာအစိုးရနဲ့ သဘောတူညီ ချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။ စာပေ၊ ယဉ်ကျေးမှုတွေ အပြန် အလှန် ဖလှယ်ဖို့နဲ့ Goethe Institute ကို ရန် ကုန်မှာ ဖွင့်ဖို့တို့ ပါပါတယ်'' ဟု သူမက ပြောသည်။

ဂျာမနီစိုးရသည် ရန်ကုန်မြို့မှ Goethe Institute ကို ၁၉၆၅ ခုနှစ်တွင် ပိတ်ခဲ့ပြီး ယခုအခါပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

''ဦးနေဝင်း လက်ထက်မှာ ကျွန် တော်တို့ ဘာမှ လုပ်လို့မရခဲ့လို့ ပိတ်ခဲ့ ရတာပါ။ အခု ရုံးကိုတော့ ၂ဝ၁၄ ခုနှစ်အစောပိုင်းမှာ ဖွင့်မှာပါ မတ်လ မ တိုင်မီပေါ့'' ဟု Goethe Institute ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာKlaus Dieter Lehmann က ပြောသည်။

ကျော်ရဲလင်း
ဓာတ်ပုံ - www.thehistoryblog.com
https://www.facebook.com/PopularNewsJournal

0 မှတ်ချက်များ: