မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ အကြောင်းကြားပြီး နိုင်ငံသားဖြစ်ကြောင်း အထောက်အထား (C of I) လျှောက်ထားခဲ့ပြီးဖြစ်သည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၇၀၀ ခန့်ကို တစ်ဦးလျှင် ဒဏ်ကြေးရင်းဂစ် ၄၀၀ (မြန်မာငွေကျပ် ၁၂၀၀၀၀ ခန့်) ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းနေကြောင်း စုံစမ်းသိရှိရသည်။
အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားများ ပြည်တော်ပြန်ရာတွင် သက်ဆိုင်ရာသံရုံး၏ အထောက်အထားဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနက စိစစ်ပေးလျက်ရှိပြီး ထိုသို့စိစစ်ပေးရာတွင် အခွင့်အရေးတစ်ရပ် အနေဖြင့် တစ်ဦးလျှင် ဒဏ်ကြေးငွေရင်းဂစ် ၄၀၀ ဖြင့် ဆောင်ရွက်ပေးခဲ့ရာမှ ဇူလိုင် ၁၈ ရက်နေ့တွင် တစ်ဦးလျှင် ရင်းဂစ် ၃၀၀၀ (မြန်မာငွေကျပ် ဆယ်သိန်းနီးပါး)သို့ တိုးမြှင့်လိုက်ကြောင်း သိရသည်။

"မြန်မာနိုင်ငံက လူတွေအတွက်ချည်း တိုးလိုက်တာ မဟုတ်ပါဘူး။ နိုင်ငံပေါင်းစုံက တရားမ၀င် အလုပ်သမားတွေ အားလုံးအတွက် တိုးလိုက်တာပါ။ ဒဏ်ကြေးရင်းဂစ် ၃၀၀၀ ဆိုတာ အရင်တုန်းက သတ်မှတ်ထားတဲ့ ဒဏ်ကြေးပမာဏ ဖြစ်ပါတယ်။ ဒါပမဲ့ 6P လုပ်ပေးပြီးနောက်ပိုင်း အခွင့်အရေး တစ်ရပ်အနေနဲ့ ပြန်ချင်တဲ့လူတွေရှိရင် ဒဏ်ကြေးရင်းဂစ် ၄၀၀ ဆိုပြီး ပြောင်းလဲသတ်မှတ် ပေးခဲ့တာပါ။ အခုအချိန်မှာတော့ အဲဒီအစီအစဉ် အချိန်ပြည့်သွားပြီဆိုပြီး အရင်ကောက်တဲ့ ဒဏ်ကြေးရင်းဂစ် ၃၀၀၀ ကို ပြန်ပြောင်းလိုက်တာပါ" ဟု မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ ကိုသီဟမောင်မောင်က ပြောကြားသည်။
ယခုကဲ့သို့ ဒဏ်ကြေးငွေကို ရင်းဂစ် ၄၀၀ မှ ၃၀၀၀ အထိ ပြန်လည်တိုးမြှင့်လိုက်ခြင်းကြောင့် ပြည်တော်ပြန်လိုသူ တရားမ၀င် မြန်မာအလုပ်သမားများ အခက်အခဲ တွေ့သွားကြောင်း သိရသည်။
ထို့ကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲပေါင်းစုံတွေ့၍ မြန်မာနိုင်ငံ ပြန်လိုသူများ၊ တရားမ၀င် အလုပ်သမားများကို ပြည်တွင်းမှ အလှူရှင်များ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးလျက် ရှိသည်။
ထိုသို့ ပို့ဆောင်ရာတွင် ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ အရေအတွက်မှာ ၈၉၆ ဦးရှိပြီး သီတဂူ ဆရာတော်၏ အစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူ ၃၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။ ထို့အတူ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲတွေ့နေပြီး အလှူရှင်များ၏ အစီအစဉ်ဖြင့် ပြန်လိုကြောင်း သံရုံးသို့ အကြောင်းထားသူ ၂၇၀၀ ဦးခန့် မလေးရှားနိုင်ငံ၌ ကျန်ရှိနေသေးကြောင်း သိရသည်။
eleven media group

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်