အသက် ၃၅ နှစ်အရွယ်ရှိ မလေးရှားနိုင်ငံသူ အမျိုးသမီးတစ်ဦးသည် အကြောသေရောဂါ ဖြစ်နေသည့် တရုတ်နိုင်ငံမှ သူမ၏ ချစ်သူနှင့် လက်ထပ်ရန် တရုတ်နိုင်ငံသို့ မကြာသေးမီက သွားရောက်ခဲ့ပြီးနောက် လက်ထပ်ခဲ့ကြောင်း တရုတ်နေ့စဉ်ထုတ် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ဂန်ဆုတ်ရင်းဆိုသူ အဆိုပါ အမျိုးသမီးနှင့် အဆစ်အမျက် ရောင်ရမ်း ကိုက်ခဲသည့် ရောဂါကြောင့် အကြောသေ ဝေဒနာကို ခံစားနေရသူ ဟူပေးပြည်နယ် တန်ရှန်မြို့မှ အသက် ၃၈ နှစ် အရွယ်ရှိ လီကန်ယုတို့ နှစ်ဦးသည် ၂ဝ၁၁ ခုနှစ် ဇွန်လကတည်းက အင်တာနက် အသုံးပြုရင်း တွေ့ဆုံ ချစ်ကြိုက်
ခဲ့ကြခြင်း ဖြစ်သည်။

ဂန်ဆုတ်ရင်းသည် ကနဦးက လီ၏ ဘဝပေး အခြေအနေကို ကိုယ်ချင်းစာ ခံစားရပြီး တရုတ်နိုင်ငံသို့ သုံးကြိမ် ခရီးသွားခဲ့ပြီးနောက် လီနှင့် အချိန်အတော်ကြာ အတူနေခဲ့ပြီး နောက် လီအား ပိုမို ချစ်မြတ်နိုး မိလာခဲ့ ကြောင်း သိရသည်။
လီသည် ခုနစ်နှစ်အရွယ် ကတည်းက အကြောသေ ရောဂါကို ဆိုးရွားစွာ ခံစားခဲ့ရပြီး နောက်ဆုံးတွင် အိပ်ရာမှ မထနိုင်သည် အထိ ဖြစ်သွားခဲ့ကြောင်း Sin Chew နေ့စဉ်ထုတ် သတင်းစာက ဖော်ပြခဲ့သည်။
လီနှင့်ဂန်တို့ နှစ်ဦးသည် ဇူလိုင် ၂၄ ရက်က လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင်ခဲ့ပြီး သြဂုတ် ၈ ရက်တွင် နှစ်ဖက်မိဘ စုံလင်စွာဖြင့် လက်ထပ် မင်္ဂလာပွဲကို ဆင်နွှဲခဲ့သည်။
မြ၀တီ

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်