ဘူဒိုဇာ မြေထိုးစက်များဖြင့် အင်အား ဖြည့်တင်းထားသော အီဂျစ် လုံခြုံရေး တပ်ဖွဲ့များက မြို့တော် ကိုင်ရိုတွင် သမ္မတဟောင်း မော်စီကို ထောက်ခံ ဆန္ဒပြနေကြသော သပိတ်စခန်းကြီး နှစ်ခုအား ဝင်ရောက် ဖြိုခွင်းခဲ့ရာ စုစုပေါင်း လူ ၄၃ ဦး သေဆုံးသွားခဲ့ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြ ထားသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့တော် ကိုင်ရို အရှေ့ပိုင်းရှိ ရက်ဘာအယ် အဒါဝီယာ သပိတ်စခန်းနှင့် မြို့လယ်ကောင်ရှိ အယ်နာဒါ ရင်ပြင် သပိတ်စခန်းတို့ကို ဝန်းရံခဲ့ပြီး နံနက် လင်းအားကြီး အချိန်တွင် ဝင်စီးသွား ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၃ ရက် နောက်ပိုင်း စစ်တပ်က သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချ ခဲ့ပြီးနောက် သပိတ်စခန်း များ ဖွင့်ကာ အကြီးအကျယ် ဆန္ဒပြနေကြသော အဆိုပါ လူအုပ်ကြီးကို ရဲတပ်ဖွဲ့က နံနက် အရုဏ် အချိန်၌ မျက်ရည်ယို ဗုံးများ၊ အမြောက်အမြား ပစ်ထည့်ပြီး စတင် ဖြိုခွင်းသောကြောင့် ဆန္ဒပြ လူအုပ်ကြီးအတွင်း ဝရုန်းသုန်းကား အခြေအနေများ ဖြစ်သွားခဲ့ကြောင်း AFP သတင်းထောက် တစ်ဦးနှင့် မျက်မြင် သက်သေများက ပြောကြားခဲ့သည်။
သပိတ်စခန်းအနီးရှိ ဗလီမှ စင်မြင့်တွင် ရှိနေကြသည့် ဓာတ်ငွေ့ကာ မျက်နှာဖုံးများ ဝတ်ထားသည့် လူများက မျက်ရည်ယို ဗုံးများကို ကောက် ကာ ရေများထဲ နှစ်လိုက်ကြပြီး အချို့က ‘အလ္လာရှင်မြတ်သည် ကြီးမြတ်တော် မူ၏’ ဟု ဟစ်ကြွေးနေကြပေသည်။
သပိတ်စခန်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြ တောင်းဆိုသူများ အကြီးအကျယ် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားပြီး သေနတ်ပစ်သံများ ကြားရပြီး ယင်း လက်နက်များကို မည်သည့်ဘက်ကပစ်သည် ကို ယခုအချိန်အထိ မကွဲပြားသေးပေ။
ယင်းသို့ ဖြိုခွင်းသည့် သတင်းများ ထွက်မလာခင်ကတည်းက ရဲတပ်ဖွဲ့သည် အီဂျစ် မော်စီ ဘက်တော်သား ဆန္ဒပြသူများကို နောက်ဆုံးအကြိမ် သတိပေးထားခဲ့ပြီးနောက် ယင်းသို့ အင်အားသုံး ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာ ရသွားသည့် ဆန္ဒပြသူများကို အချို့က ချီမပြီး နီးစပ်ရာရှိ ယာယီ ဆေးကုခန်းလေးများထဲသို့ ခေါ်သွားပုံများ၊ လုံခြုံရေး တပ်ဖွဲ့များက ဆန္ဒပြသူများကို ဆွဲခေါ် ဖမ်းဆီးသွားပုံများကို ရုပ်သံ သတင်းများတွင် ဖော်ပြ ထားချက်အရ တွေ့ရှိရသည်။
သပိတ်စခန်းကို ဘူဒိုဇာများဖြင့် ဝင်ဖျက်စဉ် ဆန္ဒပြ ခေါင်းဆောင်များသည် ဓာတ်ငွေ့ကာ မျက်နှာဖုံး များ ဝတ်ဆင်ထားပြီး သပိတ်စခန်း စင်မြင့်နားတွင် ရပ်လျက် ဖြိုခွင်းမှုကို ရင်ဆိုင်နေကြသည်ကို ရုပ်သံ မှတ်တမ်းများတွင် တွေ့ ရသည်။
လုံခြုံရေး တပ်ဖွဲ့များသည် အယ်နာဒါ ရင်ပြင်နှင့် သပိတ်စခန်း နှစ်ခုတို့ကို ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း အီဂျစ် ပြည်ထဲရေး ဝန်ကြီးဌာနက နံနက်ခင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။
“ရဲတပ်ဖွဲ့သည် ရင်ပြင်ပေါ်မှ တဲအားလုံးကို ဖယ်ရှားပြီး ဖြစ်ကြောင်း” ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းဖြိုခွင်းပွဲတွင် စုစုပေါင်း လူ လေးဆယ်ကျော် သေဆုံးသွားပြီးနောက် အီဂျစ် မွတ်ဆလင် ညီနောင်များ အင်အားစုက လက်ရှိ စစ်တပ်နောက်ခံ အင်အားပြု အစိုးရသည် အစုလိုက် အပြုံလိုက် လူသတ်မှုများ ကျူးလွန်နေ သည်ဟု ပြစ်တင် ပြောဆိုထားသည်။
The Voice Weekly

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်