သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ရပ်တည်နေတဲ့ လူမင်းဟာ “ကျန်စစ်မင်း” ရုပ်ရှင်ဇာတ်ကားကို ပြည်ပနိုင်ငံများအထိ သွားရောက်ပြသခဲ့သူပါ။
ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာ ရုံတင်ပြသချိန်မှာလည်း ပရိသတ်အားပေးမှုတစ်ခဲနက်ရရှိခဲ့တဲ့ ဇာတ်ကားအဖြစ် အများကလက်ခံခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ အခုလည်း ADMA ကုမ္ပဏီက ထိုင်းမင်းသမီး၊ မင်းသားများနဲ့အတူ သူ့ကိုသရုပ်ဆောင်၊ ဒါရိုက်တာအဖြစ်ရိုက်ကူးဖို့ ကမ်းလှမ်း ခြင်းခံရတာကို အများကစိတ်ဝင်စားနေကြပါတယ်။ သူ့အနေနဲ့အခုလို တွဲဖက်ရိုက်ကူးခြင်းဟာ ယခင်က သူရိုက်ကူးခဲ့ဖူးတဲ့ ဇာတ်ကားတွေနဲ့မတူတာမို့ သူ့အတွက် ဒီဇာတ်ကားဟာ စိန်ခေါ်မှုအဖြစ်တည်ရှိနေလားဆိုတာကို မဇ္ဈိမက ပွင့်လင်းစွာမေးခဲ့ကြည့်တော့ . . .
ထိုင်းမင်းသား၊ မင်းသမီးတို့နဲ့ ရိုက်ကူးမှုမှာ ADMA ဘက်က အရင်ကမ်းလှမ်းခဲ့တာလား။
အဓိက,ကတော့ ADMA ကုမ္ပဏီက လာကမ်းလှမ်းတာကြောင့် ဒီဇာတ်ကားကိုရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တာပါ။
ဒီဇာတ်ကားကို အစ်ကိုရိုက်ရမယ်ဆိုတော့ ဘယ်လိုဇာတ်လဲ၊ နောက်ပြီး နေရာတွေကရော . . .။
ဒီဇာတ်က မိသားစုနှစ်ခုကြားမှာ အထင်လွဲမှုတွေရှိတဲ့ဇာတ်ပါ။ နောက်ပြီး ထိုင်းမင်းသမီးဒါဝိကာက မြန်မာနိုင်ငံမှာလာပြီး လည်ပတ်တယ်။ အဲဒါကို စိုင်းစိုင်းက ဧည့်လမ်းညွှန်ကောင်လေးအဖြစ် သရုပ်ဆောင်မှာပါ။ သူတို့နှစ်ဦးကြားက အချစ်ဇာတ်လမ်းပေါ့။ အစ်ကိုကတော့ ထိုင်းမင်းသား၊ မင်းသမီးတွေရဲ့ အဒေါ်ဖြစ်သူ ကိုကြိုက်တဲ့သူအဖြစ် သရုပ်ဆောင်ရမှာပါ။ ရိုက်ကူးမယ့်နေရာတွေက ရန်ကုန်မှာရှိတဲ့ ထင်ရှားတဲ့နေရာနဲ့ ထိုင်းနိုင်ငံက ထင်ရှားတဲ့နေရာတွေမှာ ရိုက်ကူးသွားမှာပါ။ ရာဇ၀င်နဲ့ပတ်သက်ပြီး ပါတဲ့ဇာတ်ဝင်ခန်းတော့ မပါ,ပါဘူး။
ဇာတ်လမ်း၊ ဇာတ်ညွှန်းကရော ပြီးပြီလား၊ ရိုက်ကူးမှုအတွက် ပြင်ဆင်မှုကရော . . .။
ဇာတ်လမ်းက ADMA က ကိုဝေမင်းမောင်ရဲ့ဇာတ်ပါ။ ဇာတ်ညွှန်းက မင်းထင်ကိုကိုကြီးရေးတာပါ။ ဇာတ်ညွှန်းအပေါ်မှာ မူတည်ပြီး အကောင်းဆုံးရိုက်ကူးမယ်။
ဒီဇာတ်ကားက နိုင်ငံတကာအဆင့်မီရိုက်ကူးပြီး ပြသမယ်လို့သိရတယ်။ အစ်ကို့အနေနဲ့ ရှေ့က ကားတွေနဲ့မတူ အောင် ဘယ်လိုရိုက်ကူးသွားမလဲ။
ကိုယ့်အတွက် စိန်ခေါ်မှုကြီးဖြစ်သလို တာဝန်လဲအင်မတန်ကြီးပါတယ်။ အစ်ကို့အနေနဲ့ကတော့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ကြိုးစားပြီးရိုက်ကူးသွားမှာပါ။ “ကျန်စစ်မင်း” ကတော့ ရာဇ၀င်ကားပေါ့။ ဒီကားကိ တော့ ဒီဘက်ခေတ်မှာ အနည်းဆုံးတော့ ယိုးဒယားဈေးကွက် ပြသနိုင်တဲ့အဆင့်အတန်းရှိအောင် အနုပ ညာအရည်အသွေးရော၊ အတတ်ပညာ အရည်အသွေးရော မီအောင်ရိုက်ကူးရမှာပါ။ ကိုယ့်ယဉ်ကျေးမှု၊ သူ့ယဉ်ကျေးမှု ထိခိုက်မှုမရှိအောင်တော့ သတိထားရိုက်ကူးသွားရမှာပါ၊။
ဟိုဘက်ကနဲ့ ဆွေးနွေးမှုအခြေအနေကို ပြောပါဦး။
အစ်ကိုတို့တွေ ၂၀၁၄ ဇန်န၀ါရီလမှာ ထိုင်းနိုင်ငံကိုသွားပြီးဆွေးနွေးရဦးမှာပါ။ ADMA က ကိုဝေမင်းမောင်၊ အစ်ကို၊ စိုင်းစိုင်းခမ်းလှိုင်ရော ပါ,ပါတယ်။
ထိုင်းက သရုပ်ဆောင်တွေကိုရော အစ်ကိုသင်ပြပေးရဦးမှာလား။
သူတို့ ရိုက်ကူးတဲ့ပုံစံအလေ့အထနဲ့ ကိုယ်တို့ရိုက်ကူးတဲ့ ပုံစံအလေ့အထတော့ တူမှာမဟုတ်ဘူး။ ဒါပေမဲ့ အနုပညာခံစားပုံခြင်းတော့ တူမှာပဲ။ သူတို့နဲ့လဲအများကြီး ထပ်တွေ့ပြီးဆွေးနွေးဖို့ရှိပါတယ်။ ဒီဇာတ်ကား မှာပါဝင်တဲ့ ဇာတ်ကောင်စရိုက်အတိုင်းဖြစ်အောင်တော့ သူတို့ကိုညွှန်ကြားရမှာပေါ့။ ဇာတ်လမ်းက အချော မသတ်ရသေးတော့ ဘာမှသေချာပြောပြလို့မရသေးပါဘူး။
ဒီကားကိုရော ပြည်ပနိုင်ငံတွေမှာ ဘယ်လိုပြသသွားမှာပါလဲ။
ဒီကားကို အင်္ဂလိပ်စာတမ်းထိုးပြီး အာရှနိုင်ငံတွေမှာ သွားပြဖို့စီစဉ်ထားပါတယ်။
ဒီကားက အစ်ကို့အတွက် ထင်ကျန်စေ နိုင်တဲ့ကားမျိုးလို့ဆိုရင်ရော . . .။
ဒီဇာတ်ကားမှမဟုတ်ပါဘူး။ ဘယ်လို ကားမျိုးပဲရိုက်ရိုက် ကိုယ်တို့ရိုက်တယ်ဆိုတာ ကိုယ့်ဘာသာရိုက်၊ ကိုယ့်ဘာသာ ပြန်ကြည့်ဖို့ မဟုတ်ဘူးလေ။ ပရိသတ်ရှေ့ကို တင်ဆက်ရမှာဖြစ်တဲ့အတွက် ပရိသတ်အား ပေးမှုနဲ့ ထိုက်တန်ပြီး ကိုယ့်ဘက်က ကြိုးစားအားထုတ်မှုလည်း ထင်ကျန်ရစ်စေဖို့ ကိုယ့်ကိုယ်ကိုယ်အမြဲ တမ်းသတိထားပါတယ်။
အခုလို ပြည်ပနိုင်ငံတွေက ကမ်းလှမ်းရိုက်ကူးမှုကို ဘယ်လိုထင်မြင်မိလဲ၊ နောက်ပြီး မြန်မာနိုင်ငံ ကသရုပ်ဆောင်တွေအနေနဲ့ရော ဘယ်လိုပြင်ဆင်ထားရမယ်ထင်လဲ . . . ။
ဒါ လုပ်သင့်တဲ့လမ်းကြောင်းတစ်ခုပါပဲ။ သူတို့နိုင်ငံမှာ နာမည်ကြီးပြီးသား သရုပ်ဆောင်တွေပါတော့လည်း သူတို့ဈေးကွက်ကို ကိုယ်တွေက ထိုးဖောက်ဖို့ လွယ်သွားတာပေါ့။ အဓိက,ကတော့ ဇာတ်လမ်းအမျိုးအစား ပေါ်မူတည်တယ်။ ဘာသာစကားကျွမ်းကျင်ဖို့လိုသလို အနုပညာအရည်အချင်းပြည့်ဝဖို့လည်း လိုပါတယ်။ နောက်ပြီး ဘယ်နိုင်ငံ၊ ဘယ်လူမျိုး မဆို အနုပညာရှင်တစ်ယောက်က အနု ပညာအရည်အသွေးပြည့်ဝနေ ရင်ဘယ်နိုင်ငံမှာမဆို သရုပ်ဆောင်နိုင်တဲ့အရည် အချင်းရှိနေရမှာပါပဲ။ ကိုယ့်အရည်အချင်းတွေကို အမြဲတမ်းဆန်းစစ်နေပြီး အရည်အသွေးတွေကို ပြည့်ဝအောင် ကိုယ့်ဘာသာပြုလုပ်ထားပါမှ ဒီလိုအခွင့်အရေး တွေပေါ်လာတဲ့အခါ ကိုယ့်အတွက် အခွင့်ကောင်းတစ်ခုဖြစ်မှာပါ။
အစ်ကို့အနေနဲ့ ဒီဇာတ်ကားရိုက်ကူး တော့မယ်ဆိုတော့ ဘယ်လိုသုံးသပ်ချင်လဲ။
မြန်မာပြည်ကပရိသတ်တွေအနေနဲ့ အခုချိန်မှာ Pee Mak မင်းသမီးကို သူတို့သဘောကျနေကြတာဆို တော့ သူတို့သဘောကျတဲ့ နိုင်ငံခြားမင်းသမီးနဲ့ ကိုယ့်တိုင်းပြည်ကသရုပ်ဆောင်တွေ ပူးပေါင်းရိုက်ကူးမှာ ဆိုတော့ ပရိသတ်တွေအတွက်လည်း အမြင်ဆန်းပြီးတော့ နှစ်သက်မှာသေချာမယ်လို့ ပြောချင်ပါတယ်။
http://www.mizzimaburmese.com/component/k2/item/16494-2013-12-09-04-10-25
ထိုင်းမင်းသမီးနှင့် တွဲဖက်ရိုက်ကူးခြင်းသည် လူမင်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ဟုဆို
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်