ထိုင်းဘုရင်ကြီး ဘူမိဘော အဒူယာဒက်က ထိုင်း ပြည်သူပြည်သားအားလုံးကို ညီညွတ်ကြဖို့၊ တိုင်းပြည်အကျိုးကို ဦးထိပ်ထားပြီး တာဝန်တွေ ထမ်းဆောင်ကြဖို့ ဒီနေ့ သက်တော် ၈၆ နှစ်ပြည့် မွေးနေ့မိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်အထိ ဘန်ကောက်မြို့ပေါ်မှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာပါ။
ဟွာဟင်မြို့က ပင်လယ်ကမ်းခြေ နန်းတော်မှာ ပြည်သူတွေကို ဖူးမြော်ခံရင်း မိန့်ခွန်းပြောကြားရာမှာ ဘုရင်ကြီးက ညီညွတ်မှ ငြိမ်းချမ်းမယ်လို့ မိန့်ကြားသွားပါတယ်။
လူတိုင်း ကိုယ့်တာဝန်ကိုယ် ကျေပွန်ကြဖို့၊ တိုင်းပြည် တည်ငြိမ်ရေးနဲ့ တနိုင်ငံလုံး ပျော်ရွှင်ချမ်းမြေ့ရေးကို အလေးထားပြီး ဆောင်ရွက်ကြဖို့လည်း မိန့်ကြားပါတယ်။
ဘုရင်ကြီးဟာ ၂၀၀၉ ခုနှစ်မှာ အဆုတ်ရောဂါကြောင့် ဆေးရုံတင်ခဲ့ရပြီး ဒီနှစ် ဩဂုတ်လမှာ ဆေးရုံက ပြန်ဆင်းလာပြီးကတည်းက ဘန်ကောက်မြို့တော် တောင်ဘက် ၁၂၅ မိုင်အကွာမှာ ရှိတဲ့ ပင်လယ်ကမ်းခြေ နန်းတော်မှာ စံမြန်းနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဥသျှောင် ဘုရင်ကြီးဟာ ကမ္ဘာမှာ သက်တမ်း အရှည်ကြာဆုံး ဘုရင်ကြီးလည်း ဖြစ်ပါတယ်။
နိုင်ငံရေးကိစ္စတွေမှာ တိုက်ရိုက်ပတ်သက်ခြင်း မရှိပေမယ့် တိုင်းပြည်မှာ စိတ်ဝမ်းကွဲမှုတွေ ပေါ်ပေါက်တဲ့အခါတိုင်း ညီညွတ်ရေး သင်္ကေတအဖြစ် လေးစားအားကိုးကြတုန်းပါပဲ။
ဘုရင်ကြီးရဲ့ နန်းသက်အတွင်းမှာ ထိုင်းနိုင်ငံမှာ အာဏာသိမ်းမှု တဒါဇင်ကျော် ဖြစ်ခဲ့ပေမယ့် မတူတဲ့ နိုင်ငံရေးအုပ်စုတွေ အားလုံးက ဘုရင်ကြီးကို သစ္စာရှိတယ်လို့ ဆိုလေ့ ရှိပါတယ်။
ဘုရင်ကြီးဟာ ဆင်းရဲသားတွေဘက်က ရပ်တည်သူ၊ သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးသမားအဖြစ် လေးစားကြပါတယ်။ ထိုင်းနိုင်ငံက အိမ်တိုင်းလိုလိုမှာ ဘုရင်ကြီးရဲ့ ပုံတူတွေကို အမြတ်တနိုး ချိတ်ဆွဲထားကြပါတယ်။
ဘုရင်ကြီးရဲ့ မွေးနေ့ရောက်ရင် ထိုင်းနိုင်ငံသားတွေဟာ ဘုရင်ကြီးကို လေးစားကြောင်း ပြသတဲ့ သင်္ကေတအဖြစ် အ၀ါရောင်တွေကို ၀တ်ကြပါတယ်။
၂၀၀၅ ခုနှစ်က မိန့်ခွန်းမှာ ဘုရင်ကြီးက သူ့ကိုလည်း ဝေဖန်စရာရှိရင် ဝေဖန်နိုင်တယ်လို့ မိန့်ကြားခဲ့ပေမယ့် ဘုရင်ကို အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ ဝေဖန် ထောက်ပြတာတွေလည်း ရှိပါတယ်။
http://burmese.dvb.no/archives/47685
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်