
Photo: AFP
အာဏာသိမ်းခဲ့ပြီးနောက် တော်ဝင်ကို စော်ကားမှု ပြစ်ဒဏ်ဖြင့် လူ ၁၀၀ ကျော်ကို တရားစွဲဆိုခဲ့ပြီးဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကွယ်လွန်သူ ဘုရင်ဘူမိဘော၏ အချစ်ဆုံးခွေးက ဘုရင်အား လှောင်ပြောင်နေသည့် ပုံစံဖြင့် ဓာတ်ပုံများကို Facebook ၌ တင်ခဲ့မှုအတွက် အမျိုးသားတစ်ဦးသည် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။
တော်ဝင်ကို ဝေဖန်သော အကြောင်းအရာများအား ဖယ်ရှားပေးရန် ထိုင်းအာဏာပိုင်များက Facebook ကို သတိပေး
တော်ဝင်ကို ဝေဖန်သော အကြောင်းအရာများအား ဖြုတ်ချပေးရန် ထိုင်းအာဏာပိုင်များက Facebook ကို သတိပေးခဲ့ပြီး ယင်းအကြောင်းအရာများအား မဖယ်ရှားပါက အရေးယူ ဆောင်ရွက်မှုနှင့် ရင်ဆိုင်ရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း၌ ကြည့်၍ရသော စာမျက်နှာများမှ ၁၃၀ ကျော်အား မေ ၁၆ ရက် နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ထိုင်းအာဏာပိုင်များက Facebook ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ တရားမ၀င်သော ယင်း စာမျက်နှာများ ဆက်လက်ရှိနေပါက Facebook Thailand ကို အရေးယူရန် ဆောင်ရွက်သွားမည်ဟု ထိုင်းအမျိုးသား အသံလွှင့်လုပ်ငန်းနှင့် ဆက်သွယ်ရေးကော်မရှင် National Broadcasting and Telecommunications Commission (NBTC) က ပြောခဲ့သည်။
ထိုင်းရာဇ၀တ်ခုံရုံးက တရားမ၀င်ဟု သတ်မှတ်ထားသော စာမျက်နှာ ၃၀၉ ခု အနက် ၁၇၈ မျက်နှာကို Facebook က ပိတ်ပင်ထားပြီးဖြစ်ကြောင်း NBTC က သတင်းထောက်များကို မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ကျန်ရှိသော ၁၃၁ မျက်နှာကို လေးရက်အတွင်း ပိတ်ပင်ရန် မဆောင်ရွက်ပါက တရားစွဲဆိုမှု နှင့် ရင်ဆိုင်ရမည်ဟု NBTC က သတိပေးခဲ့သည်။
အကြောင်းအရာများ ပိတ်ပင်ရေးအတွက် အစိုးရများထံမှ တောင်းဆိုမှုများကို စဉ်းစားကြောင်း၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများကို ချိုးဖောက်သည်ဆိုပါက ပိတ်ပင်ဖယ်ရှားမှုကို လိုက်လျောမည်ဟု Facebook က ပြောကြားခဲ့သည်။ ထိုင်း၏ တင်းကျပ်သော တော်ဝင်ကို ကာကွယ်ပေးသည့် ဥပဒေအရ တော်ဝင်ကို မည်သည့်ဝေဖန်မှုမဆို တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရနိုင်သည်။ ယင်းဥပဒေဖြင့် တရားစွဲဆိုခံရသူများသည် ကာလရှည်ပြစ်ဒဏ်များ ချမှတ်ခံရလေ့ရှိသည်။
၂၀၁၄ ခုနှစ်တွင် ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် တော်ဝင်ကို ဝေဖန်မှုများအား ဖိနှိပ်ရန် အကြီးအကျယ် ကြိုးပမ်းခဲ့သည်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစပြီး ပိတ်ပင်ခဲ့သော ၀က်ဘ်စာမျက်နှာ ၇၀၀၀ နီးပါးရှိခဲ့ကြောင်း ထိုင်းဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနက ဆိုသည်။
ယခုနှစ် ဧပြီလတွင် ထိုင်းအာဏာပိုင်များက ထိုင်းပြည်သူများနှင့် ပြင်ပတွင်နေထိုင်သော ထိုင်းအစိုးရကို ဝေဖန်သူများအကြား အွန်လိုင်းပြန်လည် ဆက်သွယ်မှုကို ပိတ်ပင်ရန် ကြိုးပမ်းခဲ့သည်။ ကျိုတိုတက္ကသိုလ်မှ အရှေ့တောင်အာရှ လေ့လာရေးစင်တာ၏ တွဲဖက်ပါမောက္ခ ပါဘင်ချာချာဘလာပေါင်ပွန်း၊ ပြင်သစ်တွင် နေထိုင်သော ဆိုမက်ဂျီ အန်တီရာဆာကူး၊ စကော့တလန် ဂျာနယ်လစ်နှင့်စာရေးဆရာ အင်ဒရူးမာရှယ်တို့၏ Facebook စာမျက်နှာများကို ကြည့်ရှုဆက်သွယ် မျှဝေမှုသည် တရားမ၀င်ကြောင်း ထိုင်းအာဏာပိုင်များက ကြေညာခဲ့သည်။ မာရှယ်သည် ဘန်ကောက်ရှိ ရိုက်တာသတင်းထောက်ဟောင်းဖြစ်သည်။
Writer:
Ref: AFP
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်