လတ်တလောတွင် နိုင်ငံတကာ နည်းပညာ ကွန်ရက်ကို အကြီးအကျယ် ခြိမ်းခြောက်နေသည့် WannaCry အမည်ရှိ Malwareမှာ မြောက်ကိုရီးယားနှင့် ဆက်စပ်မှု ရှိနေကြောင်း ကျွမ်းကျင်သူများက ထုတ်ဖော် ပြောကြားလိုက်သည်။
ခြိမ်းခြောက်ငွေညှစ်မှုဖြင့် တိုက်ခိုက်သည့် အဆိုပါ Malwareသည် အစိုးရ တစ်ရပ်၏ ကျောထောက်နောက်ခံ ပြုမှုဖြင့် လှုပ်ရှားနေသော အဆင့်မြင့် ဟက်ကာအုပ်စု တစ်ခု၏ လက်ချက်ဟု ခိုင်ခိုင်မာမာ ယုံကြည်နိုင်လောက်သည့် အထောက်အထားများ ရှိနေကြောင်း လုံခြုံရေး သုတေသီများက ဆိုသည်။
WannaCryသည် Windows စနစ်သုံး ကွန်ပျူတာများကို ဦးတည်တိုက်ခိုက်ပြီး Windowsစနစ်မှ အားနည်းချက် တစ်ခုကို အခြေပြု အသုံးချနေခြင်း ဖြစ်သည်။ အကယ်၍ Malware၏ အယောင်ဆောင် Linkတစ်ခုကို နှိပ်မိပါက ကွန်ပျူတာတွင် အနီရောင် Screenတစ်ခု ပေါ်လာပြီး ကွန်ပျူတာထဲရှိ Fileအားလုံးကို ဟက်ကာများက ထိန်းချုပ်ပြီး ဖြစ်သွားသည်။ ထို့နောက် ၎င်းတို့ တောင်းဆိုသည့် ဒေါ်လာ ၃၀၀ ကို ငွေလွှဲပေးမှသာ Malware၏ တိုက်ခိုက်မှုမှ လွတ်ကင်းမည်ဟု ရေးသားထားသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က စတင်သော WannaCry တိုက်ခိုက်မှု ဂယက်အတွင်း နိုင်ငံအတော်များများရှိ ကွန်ပျူတာများ အထိနာခဲ့သလို အဖွဲ့အစည်းကြီးများကိုပါ ရိုက်ခတ်ခဲ့သည်။ Googleရှိ လုံခြုံရေး သုတေသီ တစ်ဦးဖြစ်သော နီးလ်မာဟ်တားက WannaCryကို ဖန်တီးရေးသားသည့် အစောပိုင်းအဆင့် Codeတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းသည် Lazarusဟု အမည်ပေးထားသည့် ဟက်ကာအဖွဲ့ အသုံးပြုလေ့ရှိသည့် Codeဟု အဖြေထုတ်နိုင်ခဲ့သည်။
Wannacryသည် သောင်းနှင့်သိန်းနှင့်ချီသည့် ကွန်ပျူတာများကို ထိန်းချုပ်သွားခဲ့ပြီး သမိုင်းတွင် အကြီးမားဆုံး ဆိုက်ဘာ ပြန်ပေးမှု တစ်ခုသဖွယ် သက်ရောက်လာခဲ့သည်။ Lazarusသည် မြောက်ကိုရီးယားတွင် အခြေစိုက် လှုပ်ရှားနေသည့်၊ သို့မဟုတ် မြောက်ကိုရီးယားကို လိုလားသည့် ဟက်ကာအုပ်စု တစ်ခုဟု အခိုင်အမာ ယုံကြည်ရသည်။ ယခင်ကလည်း Lazarusသည် တောင်ကိုရီးယားနှင့် အမေရိကန် ကုမ္ပဏီများကို ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။ နာမည်ကျော် Antivirus Software ကုမ္ပဏီ Kasperskyကမူ Lazarusသည် ယခုတိုက်ခိုက်မှု၏ အဓိက လက်သည် ဖြစ်နိုင်ခြေ များနေကြောင်း သီအိုရီကို လက်ခံသည့်တိုင် ရာနှုန်းပြည့် အတည်မပြုနိုင်သေးဟု ဆိုသည်။
မြောက်ကိုရီးယားသည် ဆိုက်ဘာ ရာဇဝတ်မှုများနှင့် ပတ်သက်၍ ယခင်ကတည်းက စွပ်စွဲခံရမှုများ ရှိခဲ့သည်။ ၂၀၁၄ ခုနှစ်က အမေရိကန်ရှိ Sony Pictures ကုမ္ပဏီကို ထိုးဖောက်မှုများ ပြုလုပ်ခဲ့ခြင်းသည် မြောက်ကိုရီးယား၏ လက်ချက်ဟု အမေရိကန်က ကောက်ချက်ချခဲ့သလို Lazarusက အဓိက ပါဝင် လှုပ်ရှားခဲ့သည်ဟု ယုံကြည်ရကြောင်းလည်း သိရှိရသည်။
Ref: CNet

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်