၂၁ရာစုတွင် အရောင်းဆိုင်အများစုမှာ
ဆိုင်ရောင်းအားကောင်းစေရန် ပရိုမိုးရှင်းအမျိုးမျိုးဖြင့် ၀ယ်ယူသူကို စည်းရုံးမှုများ
ပြုလုပ်လေ့ရှိကြရာ တစ်ချို့သော စီးပွားရေးလုပ်ငန်းရှင်များမှာမူ မိမိ အကျိုးစီးပွား
တစ်ခုကိုသာ ရှေးရှုပြီး ပရိုမိုးရှင်းအသွင်ဆောင်ကာ ၀ယ်ယူသူများကို မျက်လှည့်ပြ စွဲဆောင်မှုများလည်း
ရှိကြသည်။ ပရိုမိုးရှင်းများ ပြုလုပ်ကြသော်လည်း ဆိုင်၏ ၀န်ဆောင်မှုမှာမူ ညံ့ဖျင်းမှုများလည်း
ရှိနေဆဲဖြစ်သည်။ ပိုဆိုးသည်က ၀ယ်ယူသူကို မျက်လှည့်ပြခြင်းသာဖြစ်၏။
ရန်ကုန်တိုင်းဒေသကြီး
လသာမြို့နယ်အတွင်းရှိ နာမည်ကြီး ဖုန်းအရောင်းဆိုင် တစ်ခုဖြစ်သော လူကြီးမင်း ဖုန်းအရောင်းဆိုင်၏ လုပ်ရပ်များမှာမူ
ဝယ်ယူသူ လူထုတစ်ရပ်လုံးကို စော်ကားမှု ဖြစ်စေပြီး ယင်းမှာ ဆိုင်ဝန်ထမ်းများ၏ အရည်အချင်း
မပြည့်ဝမှု၊ စကားပြော မတတ်ခြင်းတို့မှာ ပိုမို ဆိုးရွားစေခြင်း ဖြစ်သည်ဟု စာရေးသူအနေဖြင့်
သုံးသပ်မိပါသည်။ စာဖတ်သူများ၏ အတွေးအမြင်နှင့် တူချင်မှလည်း တူပါပေမည်။ စာရေးသူမှာ
ယခင်ဂျာနယ်တစ်ခုတွင် သတင်းထောက်အဖြစ် လုပ်ကိုင်စဉ်ကတည်းက ၀န်ထမ်းများ၏ အခက်အခဲ ပြဿနာများကို စတ္ထုမဏ္ဍိုင်မှ အတတ်နိုင်ဆုံး
အမှန်တရားကို ရေးသားဖော်ပြပေးခဲ့ဖူးပါသည်။ ထိုခေတ် အချိန်အခါအရလည်း စာပေစိစစ်ရေး၏ သတိပေးချက်နှင့်
မင်နီတားခံရပြီး ပိတ်ပင်ခံသော သတင်းများစွာလည်း ရှိခဲ့ပါသည်။
တစ်သိန်းတန်
စင်ကာပူ ဟန်းဆက်တစ်လုံးကို ငါးထောင်ဖြင့် မဲနှိုက်ရောင်းချပေးမှုမှာ ဆင်းရဲ ချမ်းသာမရွေး
နှစ်သက်သဘောကျသော အထူးအစီအစဉ် တစ်ခုလည်း ဖြစ်ပါပေလိမ့်မည်။ ၀ယ်ယူသူများအား ကျေးဇူးဆပ်မှုနှင့်
သီတင်းကျွတ် ကုသိုလ်ဒါနတစ်ခုလည်း ပူးတွဲဖြစ်မယ်လို့ ထင်မြင်ပါတယ်။ သို့သော်လည်း ထိုကဲ့သို့
ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ လုံခြုံရေးအစီအမံ စနစ်တကျ ကြိုတင် ပြင်ဆင်မှု
မရှိခြင်း၊ ၀န်ထမ်းများ၏ စွမ်းဆောင်ရည် မပြည့်ဝခြင်းနှင့် အပြောအဆို မတတ်ခြင်းတို့ကြောင့်
အကျည်းတန်ခဲ့ရပါသည်။ ဆိုင်များ၏ ပျက်စီးမှုမှာ ပြင်ဆင်လို့ ရနိုင်သော်လည်း၊ အမှန်တကယ်
အစားထိုးမရနိုင်သော ဆုံးရှုံးမှုမှာ ဂုဏ်သိက္ခာပဲဖြစ်ပါတယ်။
မနက်၂နာရီကတည်းက
လာရောက်တန်းစီ စောင့်ဆိုင်းရသော လူထုများ၊ တစ်နယ်တစ်ကျေးမှ လာရောက် ပါဝင်သော လူထုများကို
အချိန်ကြာမြင့်စွာ ဒုက္ခခံစောင့်ဆိုင်းစေပြီးမှ စောင့်ဆိုင်းနေသော လူထု၏ အဝေးတစ်ဘက်
တိုက်ခန်းသုံးလွှာမှ တိုကင်များကို ကြဲချခြင်းမှာမှု လူထုတွင် ပါဝင်သော လူကြီးများကို
စော်ကားခြင်းဖြင့် အစပျိုးခြင်းဟု ဆိုနိုင်ပြီး ထိုသို့ ကြဲပြီးသောအခါမှ ဆိုင်အပေါ်ထပ်မှ
ထပ်မံကြဲမလိုပြုပြီးမှ ၀န်ထမ်းကောင်လေး နှစ်ဦး၏ ပြောင်ချော်ချော် အမူအရာပုံပေါက်ပြီး
ဖျက်သိမ်းကြောင်း ကြေညာလိုက်ချိန်တွင်မူ ဒေါသထွက်သွားသော လူထုကို တာဝန်ရှိသူက ထွက်တောင်းပန်ခြင်းမပြုဘဲ
ယင်းဝန်ထမ်းများကသာ တောင်းပန်နေခြင်းကြောင့်လည်းကောင်း၊ ထို့နောက် လူထု ကျေနပ်အောင်
သေချာတောင်းပန်ခြင်း မပြုဘဲ ဆက်လက်ဖြေရှင်းခြင်း မရှိတော့ဘဲ အခန်းထဲ ၀င်သွားသော အခါတွင်မူ
လူထု၏ စိတ်ဒေါသ ကြီးမားလာကာ ခဲများဖြင့် ပစ်ပေါက်လာကြခြင်း ဖြစ်သည်။
ထိုသို့ဖြစ်ပွားပြီး
နေ့လည်၁၀နာရီဝန်းကျင်ခန့်တွင် လသာမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးခေါင်းဆောင်ပြီး ရဲတပ်ဖွဲ့ဝင်အချို့က
လူစုခွဲဖို့နှင့် လူစုလူဝေး ပြုလုပ် ဆူပူ သောင်းကြမ်းခြင်း ဖြစ်စေပြီး တရားဥပဒေကို
ညှိစွန်းကြောင်း ပြောသောအခါ လူထု၏ ဒေါသကို ပိုမို ဖြစ်ပွားစေပြီး လူထုမှ ပိုမိုပြင်းထန်လာကြသည်။
နောက်ပိုင်း စခန်းမှူးမှ တောင်းပန်ပြီး ဖျန်ဖြေပြောဆိုရာ လူထု၏ ဒေါသကို ယာယီ ထိန်းသိမ်းနိုင်စေခဲ့သည်။
သို့သော်လည်း လူကြီးမင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူများ၏ တာဝန်မဲ့မှု၊ လစ်လျူရှုမှုနှင့်
လူထုအပေါ် မထီမဲ့မြင်မှုတို့ကြောင့် လူထု၏ ဒေါသကို ထပ်မံဖြစ်ပေါ်စေပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
ရဲတပ်ဖွဲ့က
ခဲဖြင့်ပစ်ပေါက်သော လူထုကို အော်ဟစ် ခြောက်လန့်မှုကြောင့် လူထုက ရဲတပ်ဖွဲ့ကိုပါ ခဲများဖြင့်
ပစ်ပေါက်ခဲ့ကြသည်။ ထိုအခါမှ စခန်းမှူးက ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ပရိယာယ်သုံးကာ
ပြန်လည် တောင်းပန် ဖြေရှင်းပေးခဲ့သည်။
ထိုသို့ဖြင့်
နေ့လည်၁၂နာရီဝန်းကျင်တွင် လသာမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတစ်ဦးမှ လာရောက် ဖျန်ဖြေပေးပြီး
လူကြီးမင်းဖုန်းအရောင်းဆိုင်ကို ဥပဒေအရ အရေးယူဆောင်ရွက်ပါမည်၊ လူကြီးမင်းမှ တာဝန်ရှိသူတွေကလည်း
လူထုကို တရားဝင် တောင်းပန်ပါမည်၊ ဟုဆိုကာ ထိန်းသိမ်းပေးပြီး သံဆူးကြိုးများဖြင့် ကာရံကာ
လူထုကို နာရီဝက်ကျော် နေပူထဲတွင် ထပ်မံ စောင့်ဆိုင်း စေခဲ့သည်။ ထို့နောက်မှ လူကြီးမင်းမှ တာဝန်ရှိသူဆိုသူ တာဝန်ခံအမျိုးသမီးဝန်ထမ်း
တစ်ဦးက အပေါ်ထပ်မှ ထွက်လာပြီး တောင်းပန်စကား ဆိုခဲ့သော်လည်း နေပူထဲတွင် ရပ်နေသော ပြည်သူကို
သူက အပေါ်နေရိပ်မှ စကားခက်ထန်စွာ တောင်းပန်ခြင်းကြောင့် လူထုက ဘာမှမလုပ်ဘူးဟု ပြောပြီး
အောက်ဆင်း တောင်းပန် ပေးဖို့ တောင်းဆိုခဲ့ခြင်းကို ငြင်းဆန်ပြီး ပြန်ဝင်သွားသည်။
ထိုအခါတွင်
စော်ကားမှု ခံရသော လူထုက ခဲဖြင့် ပစ်ပေါက်ခဲ့ရာ ရဲတပ်ဖွဲ့မှ ခဲဖြင့် ပေါက်သူ ပြည်သူကို
အဓမ္မ ဖမ်းဆီးသွားခြင်းကြောင့် လူထုမှ စခန်းသို့ လိုက်ပါ လာသောအခါမှ ရဲက ဘာမှမလုပ်ပါဘူးဟု
ဆိုကာ လွှတ်ပေးခဲ့သည်။ ဘာမှ မလုပ်ဘူးဆိုသော်လည်း ထိုသူမှာ အင်္ကျီစုတ်ပြဲနေပြီး ထိုသူ၏
မကျေနပ်သံ ထွက်ပေါ်သော်လည်း ရဲမှ မသိယောင်ဆောင်ခဲ့ပါသည်။ လသာမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှာ
ဆူပူမှုကို ဖြစ်စေသော၊ လူထုကို လိမ်လည်ကာ တစ်နည်းအားဖြင့် ဒုက္ခခံစေခဲ့သော တာဝန်ရှိသော
သူများကို အရေးယူခြင်း မပြုဘဲ စီးပွားရေး မျက်နှာကို ကြည့်ကာ နစ်နာမှုကြောင့် ဒေါသဖြစ်သော
လူထုကိုသာ နိုင်ထက်စီးနင်း ဖမ်းဆီးမှုဟာ ဒီမိုကရေစီ အစိုးရ၏ လုပ်ရပ်နှင့် နိုင်ငံခြားသားဧည့်သည်များ
ကြည့်ရှု ဓာတ်ပုံရိုက်ပြီး လူထုကို အားပေးသွားမှုများဟာ နိုင်ငံရဲ့ ပုံရိပ်ကိုလည်း အကျည်းတန်
ထိခိုက်စေခဲ့ပါသည်။ ထို့အပြင် လသာရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦး၏ ခဲနဲ့ပေါက်သူကိုဖမ်းတော့
မကြိုက်ဘူး၊ ဒီမိုကရေစီအရဆိုရင် သူချကိုယ်ချပေါ့ဟု ပြောဆိုခဲ့မှုကို ကြားသိခဲ့ရသော ဦးလေးကြီးတစ်ဦးက
စာရေးသူကို ပြောပြခဲ့သည်။
ထိုကဲ့သို့သော
ငါးထောင်ကြောင့် စီးပွားရေးအကျိုးအမြတ်ကို ကြည့်ရှုပြီး မလှည့်တစ်ပတ် လုပ်သော စီးပွားရေးသမားများကို
လူထုက ကျိန်စာတိုက်နေကြသည်ကိုလည်း စာရေးသူကိုယ်တိုင် ကြားခဲ့ရပါတယ်။ စာရေးသူ ပြန်လာချိန်
ညနေ ၃နာရီအထိ လူထုအချို့ ကျန်နေခဲ့ပြီး တောင်းပန်မှုကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါသည်။
လသာ ရဲတပ်ဖွဲ့မှူးက တရားဥပဒေအရ အရေးယူဆောင်ရွက်ပါမည်ဟု
ပြောဆိုသော်လည်း မည်သည့်ပုဒ်မဖြင့် မည်သို့အရေးယူမည်နည်းဆိုသော စာရေးသူ၏ မေးခွန်းကိုတော့
ဒါ ကျွန်တော်တို့ ပြောပြလို့ မရပါဘူး၊ အထက်ကို အရေးတင်ထားပါတယ်၊ ဆိုင်၇ဆိုင်လုံးကို
တစ်ပြေးညီ အရေးယူမှာပါဟုသာ ကလေးချော့သလိုချော့သည့် ရိုးသားမှုနှင့် ပွင့်လင်းမှု မရှိသော
အဖြေကိုသာ ကြားသိခဲ့ရပါသည်။
ထိုအဖြစ်အပျက်အားလုံးကို
မနက်၇နာရီကတည်းက သွားရောက် သတင်းရယူခဲ့သော စာရေးသူ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ပင်မဆိုင်ဖြစ်သော
လသာလူကြီးမင်းဆိုင်၏ မြင်ကွင်းများ ဖြစ်ပါသည်။ စာဖတ်သူ ပြည်သူတို့၏ အမြင်ကိုလည်း comment
ပေးပြီး သိခွင့်ပေးပါလို့ တောင်းဆိုပါသည်။ စာရေးသူ၏ ရေးသားချက်တွင် လွဲချော်မှုနှင့်
မီဒီယာ ကျင့်ဝတ်နှင့် မညီသော ရေးသားချက်မျိုး ပါလျှင်လည်း အပြုသဘောဆောင် လွတ်လပ်စွာ
ဝေဖန်ပေးပါလို့ စာဖတ်သူ ပြည်သူများကို အနူးညွတ်တောင်းခံပြီး ဝေဖန် အကြံပြုချက်များကို
လိုက်နာ ပြင်ဆင်ပြီး အကောင်းဆောင်း စာဖတ်သူပြည်သူကို စတုတ္ထမဏ္ဍိုင်တာဝန်ကို ကျေပွန်စွာ
ထမ်းဆောင်လိုပါသည်။
သတင်းထောက်ကေပါခင်ဗျာ
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်