နှစ်ဖက်အစိုးရဆွေးနွေးမှုများရှိလာသော်လည်း ထိုင်းရွှေ့ပြောင်းလုပ်သားများ အဆင်မပြေသေး

အနုတ် ၁၈ ဒီဂရီအောက် အေးသော အအေးခန်းထဲတွင် အလုပ်လုပ်နေရသည်မှာ ခြောက်လခန့်ရှိနေပါပြီ။ အလုပ်ချိန်သတ်မှတ်ချက် မရှိသဖြင့် အလုပ်ရှိသည့်နေ့များတွင် တစ်နေ့လျှင် ၁၂နာရီခန့် အလုပ်လုပ်ရသည်။

သို့သော် အချိန်ပိုကြေးလည်းမရ။ စက်ရုံအနောက်ဘက်တွင် နေဖို့ပေးထားသည့် အခန်းမှာလည်း ပြတင်းပေါက်မရှိ။ တစ်နေ့လျှင် ထမင်းသုံးနပ်ကျွေးသည်။ သို့သော် စားစရိတ်အတွက် ဘတ် ၆၀၀ ပြန်အနုတ်ခံရသည်ဟု ဘန်ကောက်မြို့တောင်ဘက် စမုပရာကန်ဒေသရှိ အအေးခန်းစက်ရုံတွင် အလုပ်လုပ်နေသော အသက် ၂၅ နှစ်အရွယ် ပအို့ဝ်တိုင်းရင်းသား ကိုဇော်နီက ရင်ဖွင့်သည်။

ယာယီနိုင်ငံကူးလက်မှတ်မရှိသဖြင့် လူအများစု မလုပ်ချင်သော ယခုစက်ရုံတွင် သူလုပ်နေရခြင်းဖြစ်ပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ပိုက်ဆံစုနေပြီဟုလည်း ကိုဇော်နီကဆိုသည်။ ကိုဇော်နီ အလုပ်လုပ်သော စက်ရုံတွင် အလုပ်သမား ၂၆ ယောက် ရှိပြီး ၁၃ ယောက်မှာ ယာယီနိုင်ငံကူးလက်မှတ်မရှိကြသူများ ဖြစ်သည်။

၂၀၁၁ ခုနှစ်နောက်ပိုင်းမှစ၍ ယာယီနိုင်ငံကူးလက်မှတ်ရှိသူများသာ အလုပ်ရှာရပိုလွယ်လာပြီး အဆင့်ရှိသော ကုမ္ပဏီကြီးများ အနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်ရှိသူများကိုသာ လက်ခံကြသည်။ ယာယီနိုင်ငံကူးလက်မှတ် မရှိသောသူများအနေဖြင့် လစာအချိန်ပိုကြေး၊ အခြားဆုငွေ စံချိန်စံညွှန်းမီသည့် အလုပ်မျိုးရရန်ခက်ခဲကြောင်း ဘန်ကောက်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်နေသော ကိုအောင်စိုးဦးက ပြောသည်။

“ပြောရရင်ခပ်ပဲ့ပဲ့ အလုပ်မျိုးပဲ ရတယ်” ဟု ကိုအောင်စိုးဦးက မချမ်းမြေ့စွာပြောသည်။

ယာယီနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစရိတ်မှာ အလုပ်လုပ်ခွင့် ၂ နှစ်စာအတွက် ဘတ် ၃၇၀၀ ၊ ဆေးစစ်ခအတွက် ဘတ် ၆၀၀ ၊ ကျန်းမာရေးအာမခံ (တစ်နှစ်စာ)အတွက် ဘတ် ၁၃၀၀၊ ယာယီနိုင်ငံကူးလက်မှတ်အတွက် ဘတ် ၅၅၀ စုစုပေါင်း ဘတ် ၆၁၀၀ သာရှိသည်။

သို့သော် ပြဿနာမှာ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ကိုယ်တိုင်သွားရောက်၍မရဘဲ ပွဲစားများနှင့် လုပ်မှသာရရှိကြသည်။

“တစ်ရက်သွားလည်း အလုပ်မဖြစ် နှစ်ရက်သွားလည်း အလုပ်မဖြစ်တော့ အလုပ်သမားတွေက မစဉ်းစားတော့ဘူး။ တစ်ရက်ပျက်ရင် ဘတ် ၃၀၀ နဲ့ ရက်မှန်ကြေးနဲ့ဆို ဘတ် ၈၀၀ လောက် အဖြတ်ခံရတယ်” ဟု ပအို့ဝ်တိုင်းရင်းသားလူငယ်များအဖွဲ့မှ ကိုခွန်ဆိုင်းက ပြောသည်။

ထို့အပြင် အလုပ်သမားအများစုမှာ အစိုးရက ဖွင့်ထားသော ရုံးများအား မသိကြဘဲ မြန်မာနိုင်ငံမှ ကုမ္ပဏီများ လာရောက်ဖွင့်ထားသော ပွဲစားများရုံးကိုသာ သိရှိကြသည်။

ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် ပွဲစားများနှင့်အပ်ပါက ဘတ် ၁၂၀၀၀ မှ ၁၅၀၀၀ ထိ ပေးနေရသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ် မရှိသူများအနေဖြင့် တစ်နေ့လျှင် ဘတ် ၃၀၀ အောက်သာရရှိကြပြီး ယာယီနိုင်ငံကူးလက်မှတ်မရှိသဖြင့် ရဲကြေး အပါအ၀င် တစ်လျှင် ဘတ် ၁၅၀၀ ခန့် အဖြတ်ခံရသည်။ ထို့ကြောင့် ယာယီနိုင်ငံကူးလက်မှတ်ရရန် အနည်းဆုံး ခြောက်လခန့် ငွေစုဆောင်းရပြီး အချို့ဆိုလျှင် အတိုးဖြင့် ငွေချေးကာ လုပ်နေရကြောင်း ဘန်ကောက်မြို့အနီး အလုပ်လုပ်နေသည့် ကိုမျိုးကြီးကပြောသည်။

“အတိုးက အရမ်းရင်းနှီးတယ်ဆိုရင် ငါးကျပ်တိုး မရင်းနှီးရင်တော့ ၁၀ တိုးအထိ ယူကြတယ်” ဟု ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် ကြိုးစားနေသူ ကိုမျိုးကြီးက သူ့အတွေ့အကြုံကို ရှင်းပြသည်။

ထို့အပြင် အချို့သော ပွဲစားနှင့် အပ်သူများမှာ အလိမ်ခံရမှုလည်းရှိကြောင်း မစ်ဘူရီဒေသတွင် အလုပ်လုပ်နေသော ကိုသိန်းမြင့်ကပြောသည်။ ၎င်းတို့အလုပ်လုပ်နေသော ဒေသတွင် မြန်မာနိုင်ငံသားပွဲစားတစ်ဦးမှာ အလုပ်သမား ၁၀၀ ကျော်ထံမှ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်ဆိုပြီး ငွေလိမ်လည်သွားဖူးကြောင်း ကိုသိန်းမြင့်ကပြောသည်။

“ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမယ်ဆိုတုန်းက မြန်မာအစိုးရကို ကျေးဇူးတင်မိတယ်။ တကယ်လည်း ပတ်စ်စပို့ (ယာယီနိုင်ငံကူးလက်မှတ်)လုပ်ရော ပွဲစားတွေအတွက် ဖြစ်နေတဲ့အတွက် အင်မတန်ဝမ်းနည်းမိတယ်” ဟု ပအို့ဝ်လူငယ်အဖွဲ့မှ ကိုခွန်ဆိုင်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်ကြသူများမှာ လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုခန့်ကပင် ထိုင်းနိုင်ငံတွင်သာ အလုပ်လုပ်ကိုင်နေ ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ၁၉၉၀ နောက်ပိုင်းတွင် သွားရောက်လုပ်ကိုင်သူ ပိုမြင့်တက်လာခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ် ဖြစ်ပြီးနောက်ပိုင်း စီးပွားရေးကျဆင်းလာခြင်း၊ လယ်ယာလုပ်ငန်းများ အရှုံးပေါ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားမှ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မှုနှုန်းမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။

သက်ဆိုင်ရာက ပြုစုထားသော စာရင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းခန့်ရှိပြီး ၂၀၀၉ မှ ၂၀၁၂ ဒီဇင်ဘာလကုန်အထိ မြန်မာလုပ်သား ၁ ဒသမ ၂ သန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်သိန်းက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများသည် မြန်မာမိသားစုများထံသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ငွေလွှဲပို့နေကြောင်း ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် အာရှလေ့လာရေးဌာန သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

မြန်မာလုပ်သားစုစုပေါင်း တစ်ဝက်ခန့်မှာ တစ်လလျှင် မြန်မာကျပ်ငွေ တစ်သိန်းခွဲမှ သုံးသိန်းအတွင်း ရရှိကြပြီး ၃၀ ရာခိုင်နှုန်းကျော်မှာ သုံးသိန်းကျော်ရရှိကြသည်ဟု ချူလာလောင်ကွန်းက ပြုစုသောစာတမ်းတွင် ဖော်ပြပါရှိသည်။

“ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်လာတုန်းက ဘယ်အဖွဲ့အစည်းနဲ့မှမတွေ့ဘဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို သွားတွေ့တယ်ဆိုတာ သူတို့ဟာ ဘယ်လောက်တိုင်းပြည်အတွက် အရေးပါသလဲဆိုတာသိလို့” ဟု Thai Action Committee For Democracy in Burma အဖွဲ့မှ ဒုတိယဒါရိုက်တာ ဦးမြင့်ဝေကဆိုသည်။

ထိုကဲ့သို့ တိုင်းပြည်အတွက် များစွာအကျိုးပြုနေသော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ယခင်အစိုးရလက်ထက်က မျက်ကွယ်ပြုထားခဲ့ကြသည်။ သို့သော် ဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာပြီးနောက် ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား အကူအညီပေးရန် စတင်ဆောင်ရွက်မှုများ ရှိလာခဲ့သည်။

ထို့ကြောင့်လည်း ယာယီနိုင်ငံကူးလက်မှတ်ရှိသော အလုပ်သမားအများစုမှာ ၂၀၁၂ ဧပြီလမှစ၍ လုပ်ခလစာ ပိုမိုရရှိလာကြခြင်း၊ ခရီးသွားလာရလွယ်ကူခြင်းများ ရှိလာကြသည်ဟုလည်း အလုပ်သမားများက ပြောသည်။ သို့သော်လည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးပေါ်လစီမှာ အလုပ်သမားများအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေခဲ့ပြီး ကြားပွဲစားများအတွက်သာ ဖြစ်နေသည်ဟု ထိုင်းနိုင်ငံတွင် အလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။

သို့သော်လည်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော ယာယီနိုင်ငံကူးလက်မှတ်ရှိသော လုပ်သားများမှာပင် သုံးလတစ်ကြိမ် ဧည့်စာရင်းတိုင်ရန်အတွက် ကိုယ်တိုင်ဆောင်ရွက်၍မရဘဲ ပွဲစားများနှင့် ဆောင်ရွက်နေရသလို ယာယီနိုင်ငံကူးလက်မှတ်ရရှိရန် ကြိုးစားနေသူများမှာလည်း ပွဲစားများကိုသာ အားကိုးနေရသည်။

ထို့အပြင် ထိုင်းရဲအပါအ၀င် အလုပ်ရှင်အချို့၏ ဥပဒေမဲ့ချိုးဖောက်မှုများ၊ အမျိုးသမီးများအား မတရားပြုကျင့်မှုများမှာ များစွာရှိနေသေးသည်။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်သားများမှာ ပြီးခဲ့သည့်နှစ် နိုင်ငံတကာရွှေ့ပြောင်းလုပ်သားများနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒီမိုကရေစီကျောက်တိုင်ရှေ့တွင် သူတို့အခွင့်အရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“ကျွန်တော်တို့ တောင်းဆိုတဲ့ ၁၁၁ ချက်ထဲကမှ အစိုးရကလုပ်ပေးတာ လေးချက်ပဲ ရှိပါသေးတယ်။ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတာ အပါအ၀င်ပေါ့”ဟု ဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ အသက်(၄၅)နှစ်အရွယ် ကိုသိန်းမြင့်ကပြောသည်။

ဓာတ်ပုံ- အောင်သူရ
7Day News Journal

0 မှတ်ချက်များ: