မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည့် မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့၏(MLTR) ဖျော်ဖြေပွဲလက်မှတ် အမျိုးအစားများကို VVIP, VIP, Golden Circle နှင့် Silver Circle ဟု ခွဲခြားသတ်မှတ်ထားသည်။ Silver Circle ကို ၁၉,၉၀၀ ကျပ်၊ Golden Circle ကို ၃၄,၉၀၀ ကျပ်နှင့် VIP ကို ၉၉,၀၀၀ ကျပ်ဖြစ်ပြီး VVIP အတန်းတွင် ၀ယ်ယူကြည့်ရှုလိုသူများမှာ လက်မှတ်အရောင်းဌာနများတွင် ဈေးနှုန်းကို စုံစမ်းမေးမြန်းနိုင်ကြောင်း Friendship Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဂီတအဖွဲ့၏ ဖျော်ဖြေပွဲလက်မှတ်များကို မတ်လ ၁၅ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး ပွဲကျင်းပမည့်နေရာ အနေအထားအရ ထိုင်ခုံအရေအတွက် ကန့်သတ်ချက်ရှိသည့်အတွက် ကြိုတင်လက်မှတ်များ ၀ယ်ယူထားရန် လိုအပ်ကြောင်း ပွဲစီစဉ်သည့် Pastel Communications နှင့် Friendship Entertainment က သတင်းထုတ်ပြန်သည်။
"အခုပွဲလုပ်မယ့် ပြည်သူ့ရင်ပြင်မှာ ခန့်မှန်းခြေ လူတစ်သောင်းလောက်ပဲဆံ့တော့ ကြည့်ရှုလိုသူတွေ ကြိုတင်လက်မှတ်များကို စောစောဝယ်ထားဖို့ အကြံပြုချင်ပါတယ်"ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့သည် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှ ရန်ကုန်မြို့သို့ မတ်လ ၂၉ ရက်တွင် ရောက်ရှိမည်ဖြစ်သည်။ MLTR ဂီတဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ အိမ်ရှင်တီးဝိုင်းများဖြစ်သည့် အင်ပါယာတီးဝိုင်းနှင့်အတူ ဇော်ဝင်းထွဋ်၊ Lazy Club တီးဝိုင်းနှင့်အတူ ဖြူဖြူကျော်သိန်းတို့က ဧည့်ခံဖျော်ဖြေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်