ဖျော်ဖြေရေးအသွင်ဆောင်နေသော ပညာရေး

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအပါအ၀င် နိုင်ငံတော်မှ ပညာရေးအား အလေးပေးဆောင်ရွက်နေချိန်တွင် တက္ကသိုလ်များတွင် ကျောင်းသားရေးရာဌာနနှင့် ငွေစာရင်းဌာနများအား ၂နာရီထိုးလျှင် လုပ်ငန်းများ ရပ်နားရန် ညွှန်ကြားထားသဖြင့် အဝေးမှ လာသော ကျောင်းသား ကျောင်းသူများအနေဖြင့် အခက်တွေ့နေကြကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများထံမှ သတင်းရရှိသည်။

"ကျွန်တော်တို့က အလုပ်တစ်ဘက်နဲ့ဆိုတော့ အလုပ်ပြီးတဲ့အချိန် ဘွဲ့ဖောင်သွားတင်တာ နေ့လည် ၂နာရီထိုးသွားတယ်။ ရောက်ရောက်ချင်းပဲ အဲ့ဒီက အဒေါ်ကြီးက ဘယ်နှစ်နာရီထိုးနေပြီလဲ နာရီလေးဘာလေး ကြည့်ဦး ဆိုပြီး ဘုပြောတာ၊ ပြီးတော့ ၂နာရီထိုးရင် သူတို့ ဘာမှ လုပ်ပေးလို့ မရတော့ဘူး၊ ငွေစာရင်းလည်း ပိတ်ပြီလို့ ပြောတယ်၊ အလုပ်တစ်ဘက်နဲ့ အဝေးကြီးလာပြီးမှ ပြန်ရတော့မှာပေါ့။ ဒါတွေက ပြင်သင့်တယ်လို့ ထင်တာပါပဲ၊ ကျောင်းတွေကို မြို့ပြင်ထုတ်ထားတယ်ဆိုကတည်းက ဒါပညာရေးအားပေးတာမဖြစ်နိုင်ဘူး၊ ကျောင်းသားတွေကို ဖျက်ဆီးနေတယ်လို့ပဲမြင်ပါတယ်။"ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ယာယီဘွဲ့လာရောက်ထုတ်ယူသော အမည်မဖော်လိုသူ ကျောင်းသားတစ်ဦးက တွေ့ကြုံနေရသည့် အခက်အခဲကို ရင်ဖွင့် ပြောကြားခဲ့သည်။

တက္ကသိုလ်များတွင် ကျောင်းသားရေးရာဌာနနဲ့ ငွေစာရင်းဌာနများအား နေ့လည်၂နာရီထိုးလျှင် ပိတ်ခိုင်းထားပြီး မနက်ဘက်တွင်လည်း ၉နာရီ ဖွင့်သည်ဆိုသော်လည်း ၉နာရီခွဲမှ စတင် ဆောင်ရွက်ပေးခြင်း၊ နေ့လည် ထမင်းစားချိန် ရပ်နားထားခြင်းတို့ကြောင့် အမှန်တကယ် လုပ်ငန်းဆောင်ရွက်နိုင်မှုမှာ အချိန်နည်းပါးပြီး မလိုလားအပ်သော ကြန့်ကြာမှုများကြောင့် ဝေးလံခေါင်းပါးသော တက္ကသိုလ်များသို့ ကျောင်းသားများက ခေါက်တုံ့ခေါက်ပြန် သွားရောက် လည်ပတ်နေကြရသည်။

"ကျွန်မတို့က လုပ်ပေးချင်ပါတယ်၊ ဒါပေမယ့် အထက်က နေ့လည်၂နာရီထိုးရင် ပိတ်ရမယ်ဆိုတော့ ငွေစာရင်းဌာနကလည်း ပိတ်ပြီလေ၊ ကလေးတွေ ငွေသွင်းလို့မရရင် ဘာမှ ဆက်လုပ်လို့ မရတော့ဘူး၊ သူတို့လည်း အဝေးကြီးက လာရတော့ သနားပြီး လုပ်ပေးချင်ပေမယ့် ကိုယ်တိုင်ကလည်း ၀န်ထမ်းဆိုတော့ ဘာမှမတတ်နိုင်ဘူး။"ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အဝေးသင် ဘွဲ့ထုတ်ယူဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

တက္ကသိုလ်များသည် ယခင် တပ်မတော်အစိုးရလက်ထပ်ကတည်းက ယခု အစိုးရသစ်လက်ထက်တိုင် မြို့ပြင်များသို့ ထုတ်ထားပြီး တက္ကသိုလ်ဝင်းအတွင်း ဆေးလိပ်ရောင်းချမှုများ၊ တက္ကသိုလ်များအနီးတွင် KTVများနှင့် အနှိပ်ခန်းများ၊ ပြည့်တန်ဆာများ ရှိနေခြင်းများသည် မြို့ပြင်တွင် မိဘများနဲ့ ဝေးရာတွင်ရောက်ရှိနေသော ကျောင်းသားများအား အထိန်းအကွပ်မဲ့ ဖျက်ဆီးသကဲ့သို့ ဖြစ်နေပြီး ပညာရေးအား ဖျော်ဖြေရေးအသွင်ဆောင်လျက်ရှိနေသည်။ ပညာရေးအားပေးနေသော အစိုးရ၏ ပုံရိပ်ကိုလည်း ကျောင်းသားများက ယင်းကြောင်း အယုံကြည်နည်းပါးနေကြောင်းလည်း ကျောင်းသား၊ ကျောင်းသူများ၏ အဆိုအရသိရသည်။

ကမ္ဘာ့ရွာကလေးသတင်းအဖွဲ့

0 မှတ်ချက်များ: