facebook က လှမ်းမှာနိုင်တဲ့ Hays ထမင်းဘူး ဝန်ဆောင်မှု

ကုမ္ပဏီတခုက မှာတဲ့ ထမင်းဘူးတွေ လာပို့တဲ့ Hays အဖွဲ့သားတဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာပြည်မှာ ထမင်းဆိုင် တဆိုင်ဆိုင် သို့မဟုတ် အိမ်တအိမ်အိမ်က လပေး ချိုင့်ဆွဲ မှာစားတာမျိုး လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ရှိနေခဲ့ပေမယ့် အိမ်တိုင်ရာရောက် ထမင်းဘူးပို့ ဝန်ဆောင်မှု လုပ်ငန်းမျိုးကိုတော့ ကိုရီးယား ဇာတ်လမ်းတွဲ တွေထဲမှာပဲ မြင်ဖူးကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ မေလကမှ အင်တာနက် facebook စာမျက်နှာပေါ်မှာ Heys လို့ အမည်ရတဲ့ အိမ်အရောက် ထမင်းဘူး ဝန်ဆောင်မူ လုပ်ငန်း စာမျက်နှာ တခုကို တွေ့ခဲ့ရပါတယ်။

တနေ့နဲ့ တနေ့ ဟင်းအမယ်မထပ်တဲ့ အပြင် ထမင်း၊ ဟင်း၊ ငပိ တို့စရာ အစုံအလင်ပါတဲ့ ထမင်းတဘူးကို ၈၅၀ ကျပ်နဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးတဲ့ အတွက် သင့်တင့်တဲ့ နှုန်းထားတခုလို့ မှာယူစားသုံးသူတွေက ဆိုကြပါတယ်။

ထမင်းတဘူးကို ၈၅၀ ကျပ်နဲ့ ပုံစံတကျ အမယ်စုံ လုပ်ပေးနိုင်တာ ဘာကြောင့်လဲ ဆိုတော့ ရန်ကုန်မှာ ထမင်းဆိုင်တွေ ကလည်းများ၊ ချိုင့်ဆွဲစနစ်တွေ ကလည်း ပေါနေတာကြောင့် ဈေးချင်း အတူတူ၊ ပုံစံလည်း မကွာရင် အပြင်မှာပဲ စားကြ လိမ့်မယ်၊ အခုလို စုံစုံလင်လင် လုပ်ပေးတော့ စိတ်ဝင်စားမှုကို ပိုရစေနိုင်တယ်လို့ Heys အစားအစာ အိမ်အရောက် ဝန်ဆောင်မှု လုပ်ငန်းရဲ့ လူမှုဆက်သွယ်ရေး အပိုင်းကို တာဝန်ယူထားတဲ့ ကိုသူရက ရှင်းပြပါတယ်။

Heys ထမင်းဘူး အိမ်တိုင်ရာရောက် ဝန်ဆောင်မှုလုပ်ငန်းကို ဟိုတယ်လုပ်ငန်းမှာ အတွေ့အကြုံရှိခဲ့တဲ့ အမျိုးသား သူငယ်ချင်း ၃ ယောက်က စိတ်ကူးခဲ့တာ ကြာပြီဖြစ်ပေမယ့် အခုမှ အကောင်အထည် ဖော်ဖြစ်ခဲ့တာလို့ သိရပါတယ်။

အမျိုးသားတွေချည်း ချက်ကြ ပြုတ်ကြပြီး လုပ်ငန်းပေါ်မှာ တယောက်တမျိုးစီ တာဝန်ယူထား ကြတယ်၊ တယောက်က အမှာစာအတိုင်း ထမင်းဘူးတွေကို လိုက်ပို့ပေးပြီး တယောက်က ဈေးကွက်နဲ့ လူမှုကွန်ရက်ကို တာဝန်ယူတယ်၊ နောက် တယောက်က တခြား လိုအပ်တာတွေကို လုပ်တယ်လို့လည်း သိရပါတယ်။

“အရင်တုန်း ကတည်းက အစားအစာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို စိတ်ဝင်စားခဲ့ကြတာ။ အစားအသောက်တွေကို ထွင်ရတာ ကျနော်တို့ ၃ ယောက်စလုံးက အရူးအမူး ဝါသနာပါတာ၊ ပြောရမယ် ဆိုရင်တော့ ငြိမ်ငြိမ်မနေချင်ကြဘူး ပေါ့ဗျာ” လို့ ကိုသူရက ပြောပါတယ်။

နေ့စဉ် ချက်ပြုတ်မယ့် ဟင်းလျာတွေကို တပတ်စာ မီနူးအစီအစဉ် ရေးဆွဲထားပြီး တခါတလေ မှာတော့ အဆင်ပြေသလို ပြောင်းလိုက်တာ မျိုးလည်း ရှိတယ်လို့ သိရပါတယ်။

စားသုံးသူတွေ အတွက် တနေ့တမျိုး မရိုးရအောင် ဆိုပြီး မြန်မာ အစားအစာ အပြင်၊ ရှမ်း၊ တရုတ်၊ ထိုင်း စသည်ဖြင့် စတိုင် အမျိုးမျိုးနဲ့ ဟင်းလျာတွေကို စားအုန်းဆီ၊ အချိုမှုန့် လုံးဝမသုံးဘဲ ချက်ပြုတ်တယ် လို့လည်း ကိုသူရက ရှင်းပြပါတယ်။ အဲဒီလို စားအုန်းဆီနဲ့ အချိုမှုန့် လုံးဝမသုံးဘူး ဆိုတာနဲ့ နေ့စဉ်ရရှိမယ့် ဟင်းလျာတွေကို သူတို့ facebook မှာ ကြေညာထား သေးတာပါ။

“Heys ဆိုတဲ့ နာမည်တခုကို လူသိစေချင်တယ်၊ အလုပ်ကိုလည်း စေတနာထားပြီး လုပ်တာကြောင့် လူသိများလာရင်တော့ အကျိုးရှိမယ်လို့ ထင်ပါတယ်” လို့ ကိုသူရက ပြောပါတယ်။

ထမင်းဘူး ဝန်ဆောင်မှုက မြန်မာနိုင်ငံမှာ ရှိသင့်တဲ့အကြောင်း၊ လမ်းဘေးမှာ ရောင်းချနေတဲ့ အစားအစာတွေထက် သန့်ရှင်း သပ်ရပ်စွာ ထုတ်ပိုးထားတဲ့ အချက်က ထမင်းဘူး ဝယ်ယူ မှာစားဖို့ အားသာချက် တခုဖြစ်ကြောင်း၊ ပုံမှန် မှာယူ စားသုံးသူ တဦးက အိမ်တိုင်ရာရောက် ထမင်းဘူး ဝန်ဆောင်မှု လုပ်ငန်းအပေါ် သုံးသပ်ပါတယ်။

Heys ထမင်းဘူးကို နေ့စဉ်နီးပါး စားသုံးလေ့ရှိသူ ကိုအောင်အောင်ကလည်း “သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ် ချက်ပြုတ် ထားပြီး ထုတ်ပိုးထားသလို၊ အရသာကလည်း မဆိုးဘူး၊ အပြင်ထွက် စားဖို့ကလည်း အချိန် သိပ်မပေးနိုင်ဘူးလေ။ ဒါကြောင့် မှာစားဖြစ်တယ်” လို့ သူ့အမြင်ကို ပြောပြပါတယ်။

Hays ရဲ့ ထမင်းတဘူးမှာပါတဲ့ ထမင်းနဲ့ ဟင်းလျာများ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ထမင်းဟင်းတွေကို အကန့်သုံးကန့်ပါတဲ့ ဖော့ဘူး အကြီးစားနဲ့ သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့အတွက် စားသုံးသူ အနေနဲ့ အဆင်ပြေသလို စားပြီးသားဖော့ဘူးကို လွှင့်ပစ်လိုက်ရုံ ဖြစ်တဲ့အတွက် ဆေးကျောစရာ အလုပ်တခုလည်း သက်သာပါတယ်။ ပုံစံခွက်နဲ့ မှောက်ထည့်ထားတဲ့ ထမင်းက တကန့်၊ အဓိကဟင်းလျာ တကန့်၊ အရွက်ကြော်လို အရန်ဟင်းလျာက တကန့် ဖြစ်ပါတယ်။ ငပိသုပ်၊ ငပိရည်၊ ငရုပ်သီးဆားထောင်း စတဲ့ ငပိတမျိုးမျိုးကိုတော့ ပလတ်စတစ်အိတ်ငယ် လေးနဲ့ ထုပ်ပိုးထားပြီး တို့စရာ တမျိုးမျိုးလည်း ပါပါသေးတယ်။

၈၅၀ ကျပ်နဲ့ ထမင်းဟင်း၊ ငပိတို့စရာ အကုန်ပါတဲ့ သူတို့ထမင်းဘူးမှာ ဆန်ကတော့ နည်းနည်းကြမ်းတာ တွေ့ရပါတယ်။ ပြီးတော့ ထမင်းအစားများတဲ့ ယောက်ျားကြီးတွေ ဆိုရင် အဲဒီထမင်းနဲ့ မလောက်ငဘူးလို့ သိရပါတယ်။ တော်ရုံပဲ စားတဲ့ သူတွေအတွက်ကတော့ အတော်လောက်ပဲ ဖြစ်ပါတယ်။

အမျိုးသားတွေ ချက်တဲ့ဟင်းလျာတွေ ဖြစ်တာကြောင့် တခါတလေ အစပ်အဟပ် လိုအပ်ချက် ရှိပေမယ့် ဟင်းလျာတိုင်းကို တော့ အဆင်ပြေအောင် လုပ်ကြတယ်လို့လည်း ကိုသူရက ပြောပြပါတယ်။

“လောလောဆယ်တော့ လုပ်ငန်းက ကုမ္ပဏီတွေဆီကို ဦးတည်ပြီး ရောင်းနေတာပေါ့၊ အိမ်တွေကလည်း အမှာစာရပေမယ့် အခက်အခဲ လေးတွေရှိတော့ မပို့ဖြစ်သေးဘူး၊ အခုထိလည်း အမြတ်က သိပ်မရသေးပါဘူး” လို့ Heys က ကိုသူရက ဆိုပါတယ်။

နေ့စဉ် ဟင်းလျာမီနူးကို ပုံနဲ့တကွ သူတို့ရဲ့ facebook စာမျက်နှာမှာ ဖော်ပြတဲ့အတွက် စိတ်ဝင်စားတဲ့ သူတွေက ဝေဖန်ချက် ဝင်ပေးရင်း မေးမြန်းတာလေးတွေ တွေ့ရပါသေးတယ်။

“အိမ်အရောက်ပို့ ဝန်ဆောင်မှုစနစ်က အစာစားဖို့အတွက် အချိန်တခု ပေးစရာ မလိုတော့ဘူးလေ။ ပြီးတော့ ၈၅၀ ကျပ်နဲ့ စနစ်တကျ လုပ်တယ်၊ အချိုမှုန့် လုံးဝနီးပါး မပါတာကိုလည်း သဘောကျလို့ ပုံမှန် မှာစားဖြစ်တယ်” လို့ Heys ရဲ့ ပုံမှန် ဖောက်သည် ကိုငြိမ်းချမ်းက ပြောပါတယ်။

လောလောဆယ်မှာတော့ ရန်ကုန်မြို့ထဲတဝိုက် တနေ့ကို ထမင်းဘူး အမှာစာ ၅၀ ကနေ ၈၀ လောက်အထိ ပုံမှန် ပို့ဖြစ် နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လုပ်ငန်းစပ်တူ လုပ်ချင်တဲ့ သူတွေလည်း ရှိနေတာကြောင့် အမျိုးသား ၃ ယောက် မဟုတ်တော့ဘဲ စပ်တူလုပ်ဖို့ အမျိုးသမီး တယောက်ပါ ရှယ်ယာဝင်လာတယ်၊ ဒါ့အပြင် Hays အဖွဲ့ဟာ လက်ရှိမှာတော့ နေပြည်တော် ဘက်ကိုလည်း ဈေးကွက် ချဲ့ထွင်ဖို့ ရှိနေပါတယ်။

ရန်ကုန်မှာတော့ သူတို့ရဲ့ ပို့ဆောင်ရေး အစီအစဉ်က ရန်ကင်းကနေ စတင် ထွက်ရတာ ဖြစ်တဲ့အတွက် ထမင်းဘူးတွေကို မြို့ရဲ့ ဧရိယာတခုမှာ အနည်းဆုံး ၅ ဘူး အမှာရှိမှ သွားပို့နိုင်တာပါ။ ရန်ကုန်မြို့လယ် ယာဉ်ကျောပိတ်ဆို့မှုတွေကြား ထမင်းဘူး မှာသူတွေ အချိန်မီစားရဖို့ ပြေးပြေးလွှားလွှား ချက်ပြုတ် ပို့ဆောင်ရတဲ့ ကိစ္စက လွယ်လှတာတော့ မဟုတ်ပါဘူး။

“သူသူကိုယ်ကိုယ် ထမင်းချိုင့်တဘက်နဲ့ ကားတိုးစီးရတဲ့ အလုပ်ကို လုပ်ချင်ကြမှာ မဟုတ်ဘူး၊ ကျနော်တို့ ဆိုရင်လည်း

မလုပ်ချင်ဘူး။ ထမင်းချိုင့်လည်း သယ်စရာမလို၊ ဖွယ်ဖွယ်ရာရာလည်း စားရမယ်ဆိုရင် လူတွေက မှာကြမှာပဲလို့ တွက်ဆပြီး ကျနော်တို့ ဒီအလုပ်ကို လုပ်ဖြစ်ကြတယ်” လို့ Hays အဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။

နေ့စဉ် လျှပ်စစ်မီးပျက်လို့၊ ဂက်စ်ကုန် သွားလို့၊ အိမ်ရှင်မ နေမကောင်းလို့ အစရှိတဲ့ အကြောင်းပြချက်တွေ၊ စိတ်ဖိစီးမှုတွေနဲ့ ကျောင်းမမီ၊ ရုံးမမီမှာ စိုးရိမ်နေရတဲ့ မြန်မာလူမှု အသိုင်းအဝန်းရဲ့ ကွက်လပ်တခုကို Hays က တထောင့်တနေရာက စမ်းသပ် ဖြည့်စွက် လိုက်တာလို့ Hays ရဲ့ ဖောက်သည်တဦးက သုံးသပ်လိုက်ပါတယ်။

http://burma.irrawaddy.org/archives/43324

1 မှတ်ချက်များ:

Myanmar Sweep said...

Heys ထမင်းဘူးဝန်ဆောင်မှုရဲ့ Page link သို့မဟုတ် ဖုန်းနံပါတ်လေး ရမလားရှင့်