မြင်းခြံမြို့နယ် ရွှေဘုံသာကျေးရွာတွင် တပ်မတော်မှ သိမ်းဆည်းထားသော
လယ်ယာမြေဧက နှစ်ထောင်ကျော်အား စီမံကိန်းပြုလုပ်ခြင်း မရှိသည့်အတွက် ဒေသခံ
တောင်သူလယ်သမားများက လယ်ယာမြေများအား လယ်လုပ်သူတောင်သူများထံ
အမြန်ပြန်လည်ရရှိရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အထိ
ပြန်လည်ရရှိခြင်း မရှိသောကြောင့် ဇွန် ၂၉ ရက် နံနက် ၁၀ နာရီခန့်က
ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော၂၀၁၀
ပြည့်နှစ်ခန့်မှစ၍ ရွှေဘုံသာကျေးရွာမှ ဒေသခံ တောင်သူလယ်သမား၏
စိုက်ပျိုးမြေလယ်ဧက နှစ်ထောင်ကျော်အား စီမံကိန်း ပြုလုပ်ရန်အတွက်
သိမ်းဆည်းခံခဲ့ရကြောင်း ဒေသခံတောင်သူများက ဆိုသည်။ တပ်မတော်မှ
စီမံကိန်းပြုလုပ်ရန်အတွက် သိမ်းဆည်းခဲ့ကြောင်း သိရှိရပြီးနောက် ယခုအခါ
အဆိုပါ သိမ်းဆည်းထားသော မြေဧက နှစ်ထောင်ကျော်မှာ တပ်မတော်မှ
သိမ်းဆည်းခဲ့ခြင်း မရှိကြောင်း တပ်မတော် အရာရှိတစ်ဦးက ပြောဆိုခဲ့သည့်အတွက်
ယခုကဲ့သို့ တောင်သူလယ်သမားများ တွေ့ဆုံဆွေးနွေးပွဲ
ပြုလုပ်ရခြင်းဖြစ်ကြောင်း စီစဉ်သူတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ဒေသမှာ
လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်က လယ်မြေဧက နှစ်ထောင်ကျော်ကို
စီမံကိန်းလုပ်မယ်ဆိုပြီး အသိမ်းခံခဲ့ရပါတယ်။ စီမံကိန်းဆောင်ရွက်တာ
မတွေ့ရတဲ့အတွက် လယ်မြေတွေ ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၃
ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှာ ယခင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဒီလယ်ယာမြေတွေက
မိတ္ထီလာက ၉၆၇-ဂျီအီးတပ်ပိုင်မြေတွေ ဖြစ်တယ်။ လန-၃၉ ကျပြီးသား နေရာတွေပါလို့
ပြောတယ်။ ဒီနေ့အထိ ဘာစီမံကိန်းမှ မလုပ်ပါဘူး။ ဒါပေ့မဲ့ လွန်ခဲ့တဲ့
သုံးရက်ကပဲ ဗိုလ်မှူးတေဇကိုက ရွှေဘုံသာက တောင်သူအချို့ကို ခေါ်ယူပြီး
အခုတောင်သူတွေ တင်ပြထားတဲ့ နေရာတွေက တပ်ပိုင်မြေ မဟုတ်တော့ကြောင်း၊
စက်မှုဝန်ကြီးဌာနကို ၂၀၁၂ ခုနှစ် မတ်လက လွှဲပြောင်းပေးဖြစ်လို့ သူတို့နဲ့
မဆိုင်ကြောင်း ပြောကြားလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တောင်သူတွေ
အသိမ်းခံထားရတဲ့ လယ်မြေတွေကို ပြန်လည်ရရှိဖို့အတွက် ရှင်းလင်းပွဲပြုလုပ်တာ
ဖြစ်ပါတယ်” ဟု ရွှေဘုံသာကျေးရွာမှ လယ်သိမ်းခံရသော တောင်သူတစ်ဦးဖြစ်သူ
ကိုမိုးက ဆိုသည်။
အဆိုပါ တောင်သူလယ်သမား တွေ့ဆုံဆွေးနွေးပွဲအား ဇွန်
၂၉ ရက်၌ မြင်းခြံမြို့နယ် ပျော့အုပ်စု ရွှေဘုံသာကျေးရွာတွင် ပြုလုပ်ခဲ့ပြီး
လယ်ယာမြေ သိမ်းဆည်းခံရသော တောင်သူ ၁၅၀ ခန့်၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ဝင်များနှင့် လူအခွင့်အရေး ကာကွယ်သူများအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း
သိရသည်။
မြင်းခြံမြို့နယ် ရွှေဘုံသာကျေးရွာ၌ တပ်သိမ်းမြေဧက နှစ်ထောင်ကျော် ပြန်လည်ရရှိခြင်း မရှိ၍ တောင်သူလယ်သမားများမှ ရှင်းလင်းပွဲ ပြုလုပ်
မိုးဟိန်း
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်