အဓမ္မကျင့် အသတ်ခံရသည့် ကျောင်းဆရာမ နှစ်ဦးအမှု အဖြစ်မှန် ပေါ်ရေး တောင်းဆို

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း မကြာသေးခင် ရက်ပိုင်းက အဓမ္မပြုကျင့် အသတ်ခံရသည့် စေတနာ့ဝန်ထမ်း ကျောင်း ဆရာမနှစ်ဦး၏ အမှုကို အဖြစ်မှန် ပေါ်ပေါက်ရန်အတွက် လူမှုကွန်ရက် အဖွဲ့အစည်း ၂၆ ဖွဲ့က သက်ဆိုင်ရာသို့ တောင်းဆို လိုက် သည်။

    အသတ်ခံရသော ကျောင်းဆရာမ ၂ ဦးအတွက် ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) ရုံး၌ ပြုလုပ် သည့် သတင်းစာ ရှင်လင်းပွဲ (ဓာတ်ပုံ - နန်းဆိုင်နွမ် / ဧရာဝတီ)
အသတ်ခံရသော ကျောင်းဆရာမ ၂ ဦးအတွက် ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) ရုံး၌ ပြုလုပ် သည့် သတင်းစာ ရှင်လင်းပွဲ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင် နှင့် လုရာ အမည်ရှိ ကျောင်းဆရာမ နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ၏ ခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်း ကြူကုတ်မြို့ ကောင်းခါကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ လာရောက် ပညာ သင်ကြားပေးနေသူများ ဖြစ်ပြီး ဘုရားကျောင်းဝင်းအတွင်းရှိ တည်းခိုရာ အိမ်ခန်း၌ ဇန်န၀ါရီ ၁၉ ရက်က သေဆုံးနေကြခြင်းဖြစ်ပြီး ၂၀ ရက်တွင် ဒေသခံများက တွေ့ရှိခြင်း ဖြစ်သည်။
အမှုကျူးလွန်သူများအား စုံစမ်းစစ်ဆေးပြီး ဖြစ်ရပ်မှန်ကို ချက်ချင်း ဖော်ထုတ်ပေးရန်၊ အမျိုးသမီးများပါဝင်သည့် စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းပေးရန် လူ့အခွင့်အရေး ကော်မရှင်ကို တောင်းဆိုသွားမည် ဟု မြန်မာနိုင်ငံ အမျိုးသမီး များကွန်ရက် (WON) မှ နော်စူစန်နာ လှလှစိုး က ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN) ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်လင်းပွဲတွင် ပြောကြားသည်။
“မတရားမှုတွေ က စစ်ဖြစ်နေတဲ့နေရာမှာ ပိုဖြစ်နေတာ တွေ့ရပါတယ်။ တရားမျှတမှုကို ကျမတို့က ဆက်လက် တောင်းဆိုရမှာပါ။ ကျူးလွန် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေအပေါ်မှာ ဝမ်းနည်းမှုအနေနဲ့ တပတ်လုံး အင်္ကျီအနက်ရောင် ဝတ်မယ်။ ပြီးတော့ ညာ ဘက် ရင်ဘတ်မှာလည်း အဖြူရောင် ဖဲကြိုး တပ်သွားပါမယ်”ဟု နော်စူစန်နာလှလှစိုးက ဆိုသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးကလည်း“တရားခံသည် တပ်ကပဲဖြစ်ဖြစ်၊ လက်နက်ကိုင်ကပဲ ဖြစ်ဖြစ်၊ အရပ်သားတွေပဲဖြစ်ဖြစ် ကျူးလွန်တဲ့ တရားခံကို တိတိလင်းလင်း ပြတ်ပြတ်သားသား အရေးယူသင့်ပါတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
အမျိုးသမီးများအတွက် လူ့အခွင့်အရေး အာမခံချက်ပေးပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရပ်တန့်မှသာလျှင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ရရှိနိုင်မည် ဖြစ်ကြောင်း၊ ထိုဖြစ်ရပ်သည် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံသား အနေဖြင့် သော်လည်းကောင်း၊ အမျိုးသမီးများ၏ ဘ၀လုံခြုံရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် အသွင်သဏ္ဍန်ဆောင် နေသည့် ဖြစ်ရပ်ဖြစ်နေကြောင်း ယနေ့ထုတ်ပြန်သည့် လူမှုကွန်ရက်များ၏ ထုတ်ပြန်ချက်တွင်လည်း ထည့်သွင်း ရေးသားထားသည်။
“ကျမတို့ အမှုတွေများလာတိုင်း ဒီလိုပဲပျောက်သွားတာတွေများနေပြီ။ ဘယ်အမျိုးသမီးကို ထိထိ ကျမတို့အမျိုးသမီးထုကို ထိတာပဲ။ ဒါကြောင့်မလို့ ဒီနိုင်ငံမှာ ဖြစ်နေတာက ဘယ်အသက်အရွယ် အမျိုးသမီးမဆို အမျိုးသမီးတွေလုံခြုံမှုမရှိဘူး ဆိုတာကိုခံယူ နေရ တယ်။ အမှုဖြစ်လာပြီး ကျမတို့က သွားမေးရင် သူတို့က စစ်တပ်က မဟုတ်ဘူး။ စစ်ပြေးဖြစ်သွားပြီလို့ ပြန်ဖြေတယ်။ ဒါဆို ကျမတို့ အနေနဲ့ ဒီအစိုးရကိုဘယ်လို အားကိုးရမှာလဲ။ ဘယ်လို ဒီထက် တောင်းဆိုမှုတွေလုပ်မှာလဲ ဆိုတာ ကျမတို့လည်း အင်အားတွေကုန်နေပါပြီ”ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ မစုစုဆွေကလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အသတ်ခံရသော စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် အမျိုးသား သုက်ရည်များ တွေ့ရပြီး မျိုးဗီဇ(DNA) စစ်ရန် လားရှိုး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ဆရာမ နှစ်ဦးကို အဓမ္မကျင့်သူသည် အနည်းဆုံး နှစ်ဦး ဖြစ်နိုင်ကြောင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံမှ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောဆိုထားသည်။
ထိုကျောင်းဆရာမ နှစ်ဦး၏ ရုပ်အလောင်းကို ဇန်န၀ါရီ ၂၃ ရက် နံနက် ၉ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျော်ဘွမ် ကချင် နှစ်ခြင်း ခရစ်ယာန် သင်္ချိုင်းတွင် သင်္ဂြိုဟ်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်လည်း ဆရားမ နှစ်ဦးအတွက် ဝမ်းနည်းသည့် အထိမ်း အမှတ်အနေဖြင့် မဟာဗန္ဓုလ ပန်းခြံ၌ ပန်းခွေများ ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က“ကောင်းခါးရွာဖြစ်စဉ်မှာ တရားခံကို ဖော်ထုတ်အရေးယူနိုင်ဖို့ အတွက် ဆောင်ရွက်နေပါတယ်။ အစိုးရ အနေနဲ့ ဒီလို ရက်စက်တဲ့ လုပ်ဆောင်ချက်များကို လက်မခံပါဘူး။ စုံစမ်းစစ်ဆေးဆဲကာလမှာ ဘယ် သူ လုပ်တာဖြစ်နိုင်သလဲဆိုတာကို ခန့်မှန်းပြောဆိုလိုခြင်း မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး ဒေသခံ တဦးဖြစ်သည့် ဦးဘောက်တင်က“ဒီနေ့ ဆရာမ နှစ်ယောက်ရဲ့ အိမ်နီးချင်း တွေနဲ့ ဆရာမနဲ့ ဓာတ်ပုံ တွဲရိုက် ထားတဲ့ ကလေးတွေကို မူဆယ်မြို့နယ် ရဲစခန်းမှာ ခေါ်ယူ စစ်ဆေးနေပါတယ်”ဟု ပြောသည်။
ယင်းအမှုကို ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း မူဆယ်မြို့နယ် စခန်းမှူး ဇော်မင်းထွန်းကလည်း ပြောဆိုသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်သည့်ဖြစ်စဉ်တွင် အဓိက ပါဝင်ဦးဆောင်နေကြသည့် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ လူ့အခွင့်အရေး ကော်မရှင်၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) များ အနေဖြင့် စစ်ပွဲနေရာများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများ ထပ်မံ မဖြစ်ပွားစေရန် တာဝန်ယူဆောင်ရွက်ပေးရန် နှင့် ကုလ သမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သံရုံးများက လည်း လက်ရှိအစိုးရကို တွန်းအားပေးရန် လူမှုကွန်ရက် အဖွဲ့များက တောင်းဆိုကြသည်။
ယင်းသို့ တောင်းဆိုသည့်အဖွဲ့ပေါင်း ၂၆ ဖွဲ့ရှိကြောင်း၊ ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ရက်(KSWN)၊ ကချင် အမျိုးသမီး အဖွဲ့အစည်း (KWA)၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက်(KPN)၊ ကချင်အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက် (KWPN)၊ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့များ ကွန်ရက် (WON)၊ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)၊ ဖန်တီးအိမ်၊ ကျား၊မ တန်းတူ ညီမျှရေး ကွန်ရက် အစရှိသည့် အဖွဲ့များ ပါဝင်ကြောင်း သိရသည်။
ထိုနည်းတူ ဇန်နဝါရီ ၂၀ ရက် နေလယ်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ခူမော်ရွာတွင် အမျိုးသမီး တဦး  လိင်ပိုင်း ဆိုင်ရာ အကြမ်းဖျက်မှုခံရပြီး ဒဏ်ရာ အပြင်းအထန် ရရှိမှု ဖြစ်ပွားခဲ့သည်။

http://burma.irrawaddy.org/news/2015/01/22/70238.html

0 မှတ်ချက်များ: