လန်ဒန်မီး လူ ၆ ဦး သေဆုံး၊ လူ ၂၀ အရေးပေါ်အခြေအနေရှိ

လန်ဒန်မြို့မှ Grenfell Tower လူနေ၂၄ ထပ်တိုက် မီးလောင်မှုတွင် လူ ၆ ဦးသေဆုံးပြီး လူ ၂၀ အရေးပေါ်အခြေအနေရှိကြောင်း လန်ဒန်မက်ထရိုရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာသည်။


အဆောက်အဦးကို ရက်အတော်ကြာ ရှင်းလင်းစုံစမ်းယူရမည်ဖြစ်သောကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်နိုင်ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး ဆေးရုံတွင် လူ ၇၄ ဦး ဆေးကုသမှု ခံယူနေသည်။ အဆောက်အဦးမှာ ၁၉၇၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အိမ်ခန်း ၁၂၀ ရှိကြောင်း သိရသည်။

မီးသတ်သမား ၂၀၀ ကျော် မီးငြှိမ်းနေကြရပြီး လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်က မီးလောင်မှုနှင့် ပတ်သက်၍ မေးခွန်းပေါင်းမြောက်မြားစွာကို ဖြေကြရမည်ဟု ဆိုလိုက်သည်။ ဝန်ကြီးချုပ် ထရီဇာမေကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

မီးလောင်မှုကို ၁၂ နာရီ ၅၄ မိနစ်တွင် သတင်းရကြောင်း မီးသတ်ဌာနက ပြောသည်။ မျက်မြင်သက်သေများအဆို အောက်ခြေထပ်တွင် စတင်လောင်သည့် မီးသည် တတိုက်လုံးသို့ အလျင်အမြန် ကူးစက်သွားကြောင်း သိရသည်။

ဧရာဝတီ

0 မှတ်ချက်များ: