ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး လှူဒါန်းငွေစာရင်းအားလုံး ၎င်းထံတွင်မရှိဟု ဦးစံလင်း ငြင်းဆို

 ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် အလှူရှင်များ လှူဒါန်းထားသော ငွေသည် ကျပ်သိန်း ၅၀ ခန့်သာ ကျန်ရှိတော့ပြီး လှူဒါန်းငွေစာရင်းအားလုံး ၎င်း ထံတွင် မရှိကြောင်း ဦးစံလင်းက ပြောကြားသည်။

လွန်ခဲ့သည့်သုံးနှစ်က မအောင်မြင်ခဲ့သည့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

၂၀၁၄ က ဓမ္မစေတီခေါင်း လောင်း ဆယ်ယူမည်ဆိုသည့်အ တွက်ကြောင့် ကုမ္ပဏီလုပ်ငန်းရှင် များနှင့် စေတနာရှင်တစ်ဦးချင်းအလိုက် လှူဒါန်းသည့် ငွေပမာဏသည် ကျပ်သိန်း ၁,၅၀၀ ကျော်ရှိကြောင်း ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူခြင်း လုပ်ငန်းအတွက် ပုဇွန်တောင်မြို့နယ်၌ ရုံးခန်းဖွင့် လှစ်၍ အလှူငွေလက်ခံခဲ့စဉ်က အလှူရှင် ၁၁၄ ဦးက ကျပ်သိန်း တစ်ရာကျော်လှူဒါန်းခဲ့ပြီး အလှူ ရှင် ၅၁ ဦးက ကျပ်သိန်း ၆၀ ခန့် ပြန်လည်ထုတ်ယူခဲ့သဖြင့် နောက်ဆုံးတွင် ကျပ်သိန်း ၅၀ ခန့်သာကျန်ရှိတော့ကြောင်း ၎င်းကပြောသည်။

‘‘လူဦးရေ သန်း ၅၀ ကျော်မှာ လှူဒါန်းတာ သိန်းတစ်ရာကျော်ပဲ ရှိတာပါ။ လူတွေက ဒီထက်မက ဘူး ထင်နေကြတာ’’ဟု ကျပ်သိန်းထောင်နှင့်ချီ၍ အလှူငွေရရှိခဲ့သည်ဆိုသည့် သတင်းများအပေါ် ၎င်းက ငြင်းဆိုသည်။

 သို့သော် ခေါင်းလောင်း ဆယ်ယူသည့် လုပ်ငန်းစဉ် ရပ် ဆိုင်းခဲ့သော်လည်း အဆိုပါ လှူဒါန်းငွေများနှင့်ပတ်သက်၍ ယခုအချိန်ထိ စာရင်းရှင်းလင်းနိုင်ခဲ့ခြင်း မရှိသေးဘဲ ထပ်မံဆယ်ယူခွင့်ပြုရန် ဦးစံလင်းက သမ္မတရုံးသို့ မတ်လက ပြန်လည်လျှောက် ထားခဲ့သည်။

အဆိုပါခေါင်းလောင်းဆယ် ယူမှု လုပ်ငန်းကို တစ်ကျော့ပြန် လုပ်ကိုင်ရန် ကြိုးစားနေသည့် ဦးစံလင်းက ၎င်းထံတွင် ကျန်ရှိနေ သည့် ငွေပမာဏနှင့်ပတ်သက်၍ စာရင်း ရှင်းလင်းနိုင်သော်လည်း အလှူရှင်ကြီးများ လှူဒါန်းထား သည့် ငွေကြေးနှင့် ဘဏ်တွင်း အပ်နှံထားသည်ဆိုသော ငွေကြေးများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားလိုခြင်း မရှိကြောင်း ဆို သည်။

‘‘ကျွန်တော့်ဆီမှာရှိတဲ့ ငွေ စာရင်းတွေကို အကုန်ရှင်းနိုင်တယ်။ ဘဏ်အကောင့်ကလှူတဲ့ ငွေစာရင်းကတော့ ကျွန်တော်မသိဘူး။ ဘယ်လောက်ရတယ်၊ ဘယ်လောက် ထုတ်ထားတယ်ဆိုတာ ကျွန်တော်မသိရဘူး။ ဒါက ဦးဝင်းမြင့် (ခေါင်းလောင်းဆယ်ယူမှုလုပ်ငန်းတွင် ပူးပေါင်းပါဝင်ခဲ့သူ) ပဲသိမှာ။ အဲဒီစာရင်းကို ကျွန်တော့်ကိုလည်း သူ မရှင်းခဲ့ဘူး’’ဟု ဦးစံလင်းက ပြောသည်။

၎င်းအား တောက်လျှောက် ကူညီထောက်ပံ့နေသည့် အလှူ ရှင် ၁၀ ဦးက ငွေကြေးအမြောက် အမြား လှူဒါန်းမှုများ ရှိသော် လည်း ယင်းအလှူရှင်များ၏ တောင်းဆိုချက်အရ ၎င်းတို့လှူ ဒါန်းခဲ့သည့် အချက်အလက်များ ကို ထုတ်ဖော်ကြေညာရန်မရှိဟု လည်း ၎င်းက ဆက်လက်ပြော ကြားသည်။

 သို့သော် ခေါင်းလောင်း ဆယ်ယူခြင်း လုပ်ငန်းအတွက် အများပြည်သူ လှူဒါန်းသည့် ငွေ ကျပ်သိန်းတစ်ရာကျော်နှင့် လုပ် ငန်းရှင်ကြီးများက လှူဒါန်းသည့် ငွေကျပ် ၁,၅၈၃ သိန်းကျော်ရှိခဲ့ပြီး သိန်းတစ်ထောင်ကျော်ကို ခေါင်းလောင်းဆယ်ယူရန် သုံးခဲ့ကြောင်း ယင်းခေါင်းလောင်း ဆယ်ယူရာတွင် ပါဝင်ခဲ့သည့် ရွှေအုန်းပင်စားသောက်ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က ၂၀၁၄ စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းလှူဒါန်းငွေများထဲမှ ပိုသည့် ကျပ်သိန်း ၅၀၀ ကျော်ကို ကမ္ဘောဇဘဏ်တွင် အပ်နှံထားကြောင်း ထိုစဉ်က ရှင်းလင်းပြောကြားခဲ့သည်။ သို့သော် ယင်းလှူဒါန်းငွေနှင့် ပိုလျှံငွေများနှင့် ပတ်သက်၍ မသိရှိကြောင်း ဦးစံလင်း ကဆိုသည်။

အဆိုပါငွေကြေးစာရင်းများ နှင့်ပတ်သက်၍ ဦးဝင်းမြင့်ထံသို့ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုး စားသော်လည်း ဆက်သွယ်၍ မ ရရှိသေးပေ။

ဦးစံလင်းကမူ ၎င်းသုံးစွဲခဲ့ သည့် ငွေပမာဏနှင့် လက်ကျန် ငွေများနှင့်ပတ်သက်၍ စာရင်းအသေအချာပြုစုထားပြီး သမ္မတ ထံသို့ ခေါင်းလောင်းဆယ်ယူခွင့် ထပ်မံတင်ပြထားသည့် စာတွင် ထည့်သွင်းထားသည်ဟုဆိုသည်။

 ၎င်းက ဓမ္မစေတီခေါင်း လောင်းကို သြဂုတ် ၂၀ ရက်တွင် ဆယ်ယူခွင့်ရရှိရန် မတ်လက တည်းက သမ္မတရုံးထံ ခွင့်ပြုချက် တောင်းခံထားသည်ဟုဆိုသည်။

သို့သော် ယခုအချိန်ထိ အ ကြောင်းပြန်ကြားခြင်း မရှိသေး သောကြောင့် တန်ဆောင်မုန်းလ တွင် ဆယ်ယူခွင့်ရရှိအောင် ထပ် မံတင်ပြမည်ဟုဆိုသည်။

ဦးစံလင်းက ဓမ္မစေတီခေါင်း လောင်း ဆယ်ယူခွင့်တင်ပြထား သည်ဆိုသော်လည်း ထိုသို့ စာတင်ထားသည်ကို မသိရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

ထို့အပြင် အလှူရှင်များ လှူဒါန်းခဲ့သည့် ငွေကြေးများနှင့်ပတ်သက်၍ ငွေစာရင်းရှင်းလင်းခြင်း မပြုလုပ်သောကြောင့် ခေါင်း လောင်းဆယ်ယူရေး တစ်ကျော့ပြန်စီစဉ်လာခြင်းအပေါ် ဝေဖန်မှုများစွာရှိနေသည်။

‘‘အများပြည်သူ ငွေကြေး တွေ ပါနေတာကြောင့် စိတ်ကူး ယဉ်ဆန်ဆန် လုပ်တာမျိုးက လက်မခံသင့်ဘူး။ သူတို့ ဘာ ကြောင့် ငွေစာရင်းမရှင်းနိုင်ရတာ လဲ။ အစိုးရကလည်း ဒါကို ကြပ် မတ်စိစစ်သင့်တယ်။ ကိုယ့်ပိုက် ဆံနဲ့ ကိုယ်လုပ်တာဆို တစ်မျိုး ပေါ့’’ဟု ဓမ္မစေတီခေါင်းလောင်း ဆယ်ယူခြင်းလုပ်ငန်းကို စောင့် ကြည့်ခဲ့သည့် အုပ်ချုပ်ရေးအရာရှိ ဟောင်း ဦးသိန်းထွန်းက ပြော ကြားသည်။

ဦးစံလင်းသည် ၂၀၁၄ သြ ဂုတ် ၈ ရက်က ဓမ္မစေတီခေါင်း လောင်း ဆယ်ယူရန် ကြိုးပမ်းပြီး နှစ်ပတ်ကျော်အကြာတွင် ရှာဖွေ မှု ရပ်ဆိုင်းခဲ့သည်။

ထိုစဉ်က ခေါင်းလောင်းရှာ ဖွေသည့် နှစ်ပတ်ကျော်တွင် ရှာ တွေ့ပြီဟု ဦးစံလင်းက ထုတ်ဖော် ပြောကြားခဲ့သော်လည်း အမှန်တ ကယ် တွေ့ရှိခဲ့သည်မှာ သင်္ဘော ပျက်ဟု ယူဆရသည့် သံထည် သာဖြစ်ကြောင်း ဓမ္မစေတီခေါင်း လောင်း ရှာဖွေရေး၌ ပါဝင်ခဲ့သူများက ပြန်လည်ရှင်းလင်းခဲ့ သည်။

7 Day Daily

0 မှတ်ချက်များ: