မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ တို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စကို ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။ (Photo: Yingluck Shinawatra / Facebook)
မဇ္ဈိမ သတင်းဌာန ။ ။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ရောက်ရှိနေကြသော ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့သည် ထားဝယ်ရေနက် စီမံကိန်းကို အရှိန်အဟုန် မြှင့်တင်ရန် အတွက် အဆင့်မြင့် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီတရပ်ကို ထိုင်းနှင့်မြန်မာ ပူးတွဲဖွဲ့စည်းရန် ကြာသပတေးနေ့က သဘောတူညီခဲ့ကြသည်။
ဘဏ္ဍာရေး အခက်အခဲများ ကြုံတွေ့နေရသည့် စီမံကိန်း ရှေ့ဆက်နိုင်ရေးအတွက် နှစ်နိုင်ငံ ထိပ်တန်း အစိုးရ အရာရှိများ ပါဝင်ကြသည့် ‘အဆင့် သုံးဆင့်’ ပါဝင်သော အုပ်စုများအား စုစည်း ချိတ်ဆက်၍ လုပ်ဆောင်ရန်ဖြစ်သည်။
‘အဆင့် သုံးဆင့်’ ပါဝင်သည့် စနစ်တွင် မြန်မာ ဒု-သမ္မတ နှင့် ထိုင်း ဒု-ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဖြစ်သူ ကစ်တီရတ် နရနောင်း Kittiratt Na-Ranong တို့ ဦးဆောင်သည့် ပူးတွဲကော်မတီ၊ ထိုင်းနိုင်ငံ အမျိုးသား စီးပွါးရေးနှင့် လူမှုဖွံ့ဖြိုးရေးရုံးမှ ဦးဆောင်သည့် ညှိနှိုင်းရေး ကော်မတီတခုနှင့် အခြေခံ အဆောက်အအုံများ၊ စက်မှုဇုန်များ၊ စွမ်းအင်များ၊ လူမှုဖွံ့ဖြိုးရေး၊ တရားဥပဒေရေးရာနှင့် ဘဏ္ဍာရေးတို့ကို စီမံဆောင်ရွက်ရန်အတွက် ကော်မတီခွဲခြောက်ခုတို့ ပါဝင်သည်ဟု သတင်းတရပ်က ဆိုကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းဆောင်းပါး တပုဒ်တွင် ရေးသား ဖော်ပြထားသည်။
ထို ကော်မတီခွဲများအား နှစ်နိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးများက ဦးဆောင်ကြလိမ့်မည်ဟု ဆိုသည်။
“ဒီနှစ် နိုဝင်ဘာမှာ ကမ္ဘောဒီးယားမှာ လုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ထိုင်း နဲ့ မြန်မာဟာ စီမံကိန်း အစီအစဉ်ကို ကြေညာပါလိမ့်မယ်။ ပြီးတော့ ဘန်ကောက် [ထိုင်း] အစိုးရဟာ မကြာခင်မှာ ပထမဆုံး အစည်းအဝေး ကို လက်ခံကျင်းပ ပါလိမ့်မယ်” ဟု သတင်းရပ်ကွက် တခုက ဆိုသည်။
အစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေးကြမည့် အခြား ကိစ္စရပ်များတွင် ရန်ကုန် သီလဝါ ဆိပ်ကမ်း၌ အထူးစီးပွါးရေးဇုန် တခု ထူထောင်ရေးတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်လည်း ပါဝင်သည်ဟု ဆိုသည်။
ထားဝယ်စီမံကိန်းတွင် ထားဝယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ခြင်း၊ သဘောင်္ကျင်း အဆောက်အဦးများ တည်ဆောက်ခြင်း၊ ရေနံဓါတုစက်ရုံဇုန် တည်ထောင်ခြင်း၊ ရေနံသန့်စင်စက်ရုံ တရုံ၊ သံမဏိစက်ရုံနှင့် လျှပ်စစ် ဓါတ်အားပေး စက်ရုံများ တည်ဆောက်ခြင်း၊ ထားဝယ်-ဘန်ကောက် အဝေးပြေးလမ်းမ နှင့် ရထားလမ်း ဖောက်လုပ်ခြင်းများအပြင် ကားလမ်းနှင့် ရထားလမ်း တလျှောက်တွင် ရေနံပိုက်လိုင်းတခု သွယ်တန်းခြင်းတို့ ပါဝင်သည်ဟု သဘောတူညီချက်က ဆိုထားသည်။
၂ဝ၁၈ ခုနှစ်တွင် ပြီးစီးလိမ့်မည်ဟု အကြမ်းဖျင်း ခန့်မှန်းထားသည့် ထားဝယ်စီမံကိန်းတွင် သံမဏိ စက်ရုံများ၊ ရေနံ သန့်စင်ရေး စက်ရုံများ၊ ရေနံဓါတုစက်ရုံဝင်းတခုနှင့် လျှပ်စစ် ဓါတ်အားပေး စက်ရုံများ ပါဝင်မည့်အပြင် အချက်အချာ ဗျူဟာကျသည့် ထားဝယ် ရေနက်ဆိပ်ကမ်းကိုလည်း တည်ဆောက်မည်ဖြစ်ရာ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသများအတွက် မလက္ကာ ရေလက်ကြားကို ဖြတ်ရန် မလိုတော့ဘဲ ပိုမိုတိုတောင်းသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတခု ဖြစ်လာမည် ဖြစ်သည်။
မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် မကြာသေးခင်ကလည်း တောင်ဘက်စွန်းရှိ ထားဝယ် အထူးစီးပွါးရေးဇုန်နှင့် ဘန်ကောက်မြို့ တောင်ဘက် ချောင်ဘူရီ နယ်ရှိ Laem Chabang စက်မှုဇုန်တို့အကြား ဆက်သွယ်ရေးလမ်းကြောင်း တည်ထောင်ရန် သဘောတူညီခဲ့ကြပြီး ဆွေးနွေးမှုများမှာ ဇူလိုင်လထဲတွင် ပြီးဆုံးခဲ့သည်။

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်