အအေးလှိုင်းဖြတ်သန်းနေ၍ လူအချို့လေဖြတ်

အအေးလှိုင်းများကြောင့် မြန်မာနိုင်ငံတွင် တစ်ပတ်ခန့် အအေးလွန်ကဲမှုဖြစ်စဉ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာ ဦးထွန်းလွင်က ပြောသည်။

ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း အအေးပိုလာပြီး နယ်ဒေသအချို့၌ သက်ကြီးရွယ်အိုများ လေဖြတ်ရောဂါခံစားရသည်အထိ အအေးလွန်ကဲမှုမျိုး ဖြစ်ပေါ်ခဲ့သည်။

“ဒီရက်ပိုင်းလေးတင်ပဲ ကျွန်မတို့နားမှာ သက်ကြီးရွယ်အိုတွေ လေဖြတ်တာ နှစ်ယောက်တောင် ရှိနေပြီ။ ကျွန်မတို့အရွယ်တောင် မနက် ကိုးနာရီလောက်အထိ မီးလှုံနေရတယ်” ဟု အမရပူရမြို့နယ်မှ အသက်သုံးဆယ်အရွယ် ဒေသခံ မသိမ့်သိမ့်စိုးက ပြောသည်။

အဆိုပါ အအေးလှိုင်းဖြတ်သန်းမှုကြောင့် မြန်မာနိုင်ငံနှင့် နယ်မြေချင်းထိစပ်နေသော အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ယခုရက်ပိုင်းအတွင်း စံချိန်တင် အပူချိန်ကျဆင်းခဲ့သည်။ အအေးလှိုင်းများဖြတ်သန်းမှုကြောင့် အဆိုပါဒေသများတွင် စုစုပေါင်း လူလေးရာခန့် သေဆုံးခဲ့ သည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ အအေးလှိုင်းများ၏ သက်ရောက်မှုကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ခန္တီး၊ တောင်ကြီး၊ မင်းတပ်နှင့် တောင်ငူမြို့များတွင် ပုံမှန်ထက် အအေးလွန်ကဲမှု ဖြစ်ပေါ်နိုင်ကြောင်း ဦးထွန်းလွင်ကပြောကြားသည်။

နေပြည်တော် ပြည်သူ့ဆေးရုံကြီးမှ ရောဂါနှိမ်နင်းရေး ညွှန်ကြားရေးမှူးဒေါက်တာဝင်းမောင်က “သိသိသာသာ ပိုအေး လာတာတော့ နှစ်ရက်ရှိပါပြီ။ ကျန်းမာရေးသတိပေးလက်ကမ်း စာစောင်တွေကိုတော့ ဖြန့်ဝေပေးထားပါတယ်” ဟု ဆိုသည်။

နယ်မြို့များရှိ တောင်သူများမှာလည်း လက်ရှိရာသီဥတု အခြေအနေအပေါ် စိုးရိမ်မှုများရှိနေသည်။ နေပြည်တော် ပုဗ္ဗသီရိမြို့ နယ်မှ တောင်သူ ဦးစိုးနိုင်က “အခုထက် အအေးပိုလာပြီး ကျလာတဲ့နှင်းမှာ ပြဒါးပါဝင်မှုများလာရင်တော့ အသီးအပွင့်ဝင်စ ပဲတွေ ငရုတ်တွေအတွက် စိုးရိမ်မိပါတယ်။ ဒီလိုရာသီဥတုမျိုး ကျန်ခဲ့တဲ့လေးနှစ် ၂၀၀၉ ခုနှစ်က တစ်ခါ ကြုံဖူးထားတော့ ဒီထက် အအေးပိုမလာပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု ဆိုသည်။

စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းက “အအေးပိုတယ် ဆိုပေမယ့် နှင်းကရေခဲတဲ့အထိ မကျရင် သီးနှံတွေအတွက် သိပ်မစိုးရိမ်ရပါဘူး။ ဒီလိုရာသီဥတုနဲ့ဆိုရင် ကုလားပဲတို့၊ ဂျုံတို့လို သီးနှံတွေတောင် အထွက်နှုန်း
ကောင်းနိုင်ပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့မြို့မှာ ဘယ်လောက်တောင်အေးသလဲဆိုရင် တစ်နေ့လုံးအနွေးထည် ၀တ်ထားရပါတယ်။ စစ်တွေဟိုတယ်ဆိုတာ ကျွန်တော်တို့ဒေသခံတွေ သွားနေကျနေရာတစ်ခုပါ။ လေအေးတွေအရမ်းတိုက်နေတဲ့အတွက် အဲဒီကိုသွားလို့မရတာ သုံးရက်ရှိနေပါပြီ” ဟု စစ်တွေမြို့ မြန်မာ့ ဆက်သွယ်ရေးမှ ကိုအောင်ဇော်လွင်က ပြောသည်။

တောင်ကြီးမြို့မှ ဒေသခံတစ် ဦးက “ဒီနေ့မိုးလေ၀သဌာနကတော့ အအေးလှိုင်းဖြတ်မယ်လို့ ကြေညာထားပါတယ်။ အအေးဒဏ်ကတော့ တော်တော်ပြင်းထန်ပါတယ်” ဟုဆိုသည်။ ရန်ကုန်မြို့အပါအ၀င် ဒေသအချို့တွင်လည်း အအေးပြင်းထန်၍ သက်ကြီးရွယ်အိုများ လေဖြတ်၊သေဆုံးမှုများဖြစ်ခဲ့သည်။

ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်

လာမည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ ယခုကဲ့သို့ အအေးလွန်ကဲမှု ထပ်မံကြုံတွေ့ရမည်ဖြစ်ပြီး မပြင်းထန်နိုင်၍ များစွာ စိုးရိမ်ရန် မလိုကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။

ဇန်န၀ါရီ လကုန်ပိုင်းနှင့် ဖေဖော်ဝါရီလတွင် အအေးလွန်ကဲမှုဖြစ်စဉ် နောက်တစ်ကြိမ်ကြုံတွေ့ရနိုင်ကြောင်း မိုး/ဇလ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကလည်းပြောသည်။ အိမ်နီးချင်းနိုင်ငံများတွင် စံချိန်တင် အေးနေခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း ဇန်န၀ါရီ ၉ ရက်မှစကာ အအေးလွန်ကဲခဲ့ပြီး ဒေသအချို့တွင် ထူးထူးကဲကဲ အေးခဲ့သည်။ ဇန်န၀ါရီ ၁၁ ရက်မှာ တစ်နိုင်ငံလုံးတွင် အအေးဆုံးရက်ဖြစ်ခဲ့ပြီး ဇန်န၀ါရီ ၁၈၊ ၁၉ ရက်အထိ အေးနိုင်သေးကြောင်း ၎င်းတို့က ခန့်မှန်းသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day news Journal Facebook

0 မှတ်ချက်များ: