ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင် အလုပ်လုပ်ခွင့် မရှိသေးတဲ့
မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ သူတို့ရဲ့ ကလေးတွေကို ယာယီ
နိုင်ငံကူး လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ သတင်းရရှိသည်။
ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ ကလေးတွေအတွက် ယာယီ
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးကို
ထိုင်းဝန်ကြီးအဖွဲ့က ၃ လ သက်တမ်းတိုးဖို့ လက်ခံ ဆုံးဖြတ် ခဲ့ပြီးနောက်မှာ
ဇန်နဝါရီလ ၁၅ ရက်နေ့ထဲက တရားမဝင် မြန်မာအလုပ်သမား စာရင်း ကောက်ခံမှုတွေကို
စတင်နေပြီ လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ဝင်းက
သောကြာနေ့က မြန်မာသံရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ထိုင်းဝန်ကြီး၊ ထိုင်းအလုပ်သမားဌာနကနေပြီးတော့ ထိုင်းလုပ်ငန်းရှင်တွေဆီမှာ
ကျန်နေသေးတဲ့ တရားမဝင်ကျန်နေသေးတဲ့ မြန်မာအလုပ်သမားတွေ စာရင်းကို
သူတို့ကတောင်းတယ်။ အဲ့တော့ စက်ရုံ၊ အလုပ်ရုံ၊
ကုမ္ပဏီလုပ်ငန်းရှင်တွေကနေပြီးတော့ သူတို့မှာ ဘယ်လောက်ကျန်နေသေးတယ်ဆိုတာကို
သူတို့ကနေ တောင်းဆိုရမှာဖြစ်ပါတယ်။ လမ်းကြောင်းကတော့
ထိုင်းလုပ်ငန်းရှင်တွေကနေ တဆင့် မြို့နယ်ကိုသွားမယ်၊ မြို့နယ်ကနေ ခရိုင်
ရုံးချုပ်ကိုဆက်ပြီးတော့ တင်ပြတောင်းခံရမယ့် အစီအစဉ်ဖြစ်ပါတယ်။"ဟု ထိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံကနေလာရောက် အလုပ်လုပ်ကိုင်နေကြတဲ့
ရွှေ့ပြောင်း အလုပ်သမားပေါင်း ၄ သန်းလောက်ရှိမည်ဟု
ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းချက်အရသိရသည်။ ယင်းတို့ ထဲတွင် တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းရှိသူပေါင်းက ၂ သန်း
နီးပါးပဲ ရှိကြောင်း၊ ထိုင်းနိုင်ငံထဲတွင် ရှိနေသည့်
မြန်မာရွှေ့ပြောင်းအလုပ်သမားများအားလုံး တရားဝင် နေထိုင်နိုင်အောင်နှင့်
ရသင့်သည့် အခွင့်အရေးများ ရရှိနိုင်အောင် မြန်မာသံရုံးက ယာယီနိုင်ငံကူး
လက်မှတ်များကို ဖေဖော်ဝါရီ ၁၅မှ မေလ ၁၅ ရက်နေ့အတွင်း ယာယီ
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေ ပြန်ဖွင့်ပြီး ထုတ်ပေးသွားမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးတင်ဝင်းပြောကြားချက်အရ သိရသည်။
“ကာလအားဖြင့်ဆိုရင် ပထမရက်သုံးဆယ် ဇန်နဝါရီ ၁၅ရက်ကနေ ဖေဖော်ဝါရီ
၁၅ပေါ့နော်။ စာရင်းကောက်ပြီးတဲ့အခါမှာ ရလာတဲ့ မှတ်ပုံတင်စာရင်းအရ
သုံးလအတွင်းမှာ One Stop Service နဲ့ စခန်း ၁၀ခုမှာ ယာယီနိုင်ငံကူးလက်မှတ်
Temporary Passport ထုတ်ပေးမယ်။ မြန်မာဘက်ကပေါ့လေ။ ထိုင်းဘက်ကတော့
နေထိုင်ခွင့်ဗီဇာ။ ကုန်ကျစားရိတ်နဲ့ပတ်သက်လို့ ကျနော်တို့
နှစ်ဖက်စကားပြောကြတဲ့အခါကျတော့ တရားဝင် ညှိနှိုင်းပြီးတော့မှ
ကုန်ကျစားရိတ်ကို အနည်းဆုံးဖြစ်အောင် အလုပ်သမားတွေအတွက်
ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် အသက်သာအချောင်ချိဆုံးဖြစ်အောင် ဆိုတာမျိုးတော့
ကျနော်တို့ အကြမ်းဖြင်း ညှိထားတယ်။ မူအားဖြင့် ညှိနှိုင်းသဘောတူထားတယ်။
ပမာဏဆိုတာတော့ သူတို့ အသေးစိတ် မသိရသေးဘူး။”ဟု သံအမတ်ကြီးဦးတင်ဝင်းက ဆက်ပြောသည်။
သံအမတ်ကြီး ဦးတင်ဝင်း၏ ဆက်လက်ပြောကြားချက်မှာ “မြန်မာပြည်မှာ ပြန်ပြီးတော့ Nationalities Verification တွေ မလုပ်တော့ဘူး။
ဒီမှာပဲ သံရုံးမှာတင်ဖြတ်ပြီးတော့ ကျနော်တို့ တခါတည်း လုပ်ပေးမယ်။ ဒါပေမဲ့
မျက်မြင်ကြည့်လိုက်မှာပေါ့နော်။ မျက်မြင်ကြည့်ပြီးတော့မှ ကျနော်တို့
မြန်မာလူမျိုးတွေ၊ တိုင်းရင်းသားတွေဆိုရင်တော့ ကျနော်တို့
ချက်ခြင်းထုတ်ပေးလိုက်မယ်။ ယာယီနိုင်ငံကူးလက်မှတ်ပေါ့။ ကျနော်တို့တာဝန်က
အဲ့တာ ထုတ်ပေးမှာလေ။ ကျနော်တို့ယုံကြည်တယ်ဆိုရင် ကျနော်တို့
အာဏာပိုင်တွေပေါ့နော်။ ကျနော်တို့ကနေ တာဝန်ပေးထားတယ်ဆိုတဲ့ ဝန်ထမ်းတွေက
ကြည့်ပြီးတော့ ယုံကြည်ရတယ်ဆိုရင် ကျနော်တို့က ဒီတကြိမ်မှာတော့
ချက်ခြင်းထုတ်ပေးလိုက်မယ်။ မှတ်ပုံတင်ပေါ့။”ဟု ပြောကြားခဲ့သည်။
ထိုင်းအစိုးရရဲ့ အလုပ်သမားဆိုင်ရာ မူဝါဒသစ်ကြောင့် မြန်မာနိုင်ငံမှ
လာရောက် အလုပ်လုပ်ကြသူများသည် ထိုင်းအလုပ်ရှင်များ၏ အလုပ်ခန့်စာ၊
နိုင်ငံကူးလက်မှတ်၊ တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် စတဲ့ အထောက်အထားတွေ
ရှိဖို့လိုအပ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် တရားဝင်စာရွက် စာတမ်းရရှိနိုင်ဖို့ အဓိက စိတ်ခေါ်မှုမှာ ကုန်ကျစရိတ်ဖြစ်ကြောင်းသိရသည်။
မိုးစက်
ထိုင်းရောက် မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေကို ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည်
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်