မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏သင်ကြား မှုများကို အကြိမ်ကြိမ် ဝေဖန်ပုတ်ခတ်မှု များ ပြုလုပ်ခဲ့သည့်အပြင် အသင်း၏အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များအပေါ် ရိုင်းပြစွာပြုမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမမြန်မာ့ လက်ရွေးစင်အသင်းမှ ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။
ကျော်ကိုကိုသည် နည်းပြချုပ်၏ အသင်းဗျူဟာများပေါ်တွင် အမြဲလိုဆင်ခြေပေးခြင်း၊ မကျေနပ်သည့် အပြုအမူများပြုလုပ်ခြင်း၊ အသင်းအစည်းအဝေးများပြုလုပ်ချိန်တွင် မလေးမစားအပြုအမူ များ ပြုလုပ်ကာ အစည်းအဝေးမှထွက်ခြင်း၊ နည်းပြချုပ်အား ပမာမခန့်ပြုလုပ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း နည်းပြအဖွဲ့များ၏ သဘောထား ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့သော အပြုအမူများကြောင့် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၎င်းအား စည်းရုံးမှုများ ပြုလုပ်ခဲ့သော်လည်း လိုက်နာမှုမရှိကြောင်း သိရသည်။

အဆိုးဆုံးအနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းလေ့ကျင့်ရေးကွင်း မှ ပြန်လာချိန်တွင် နည်းပြများရေးဆွဲထားသည့် တစ်နေ့တာ အချိန်ဇယားဘုတ်ပေါ်၌ အုပ်ချုပ်သူနည်းပြများအပေါ် ရိုင်းပျစော်ကားသည့် အဓိပ္ပာယ်သက်ရောက်သော စကားလုံးများကို ရေးသားခဲ့ခြင်းကြောင့် နည်းပြချုပ်က ယခုကဲ့သို့ အသင်းမှ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပဏာမလက်ရွေးစင် နည်းပြအဖွဲ့ဝင်များ၏ သဘောထား ထုတ်ပြန်ချက်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။
အသင်းနည်းပြချုပ်ပက်ဆောင်ဟွာကမူ ကျော်ကိုကို၏ အနာဂတ်နှင့် ပတ်သက်၍ မည်သို့မျှ မဖြေကြားနိုင်သေးကြောင်း မိမိအနေဖြင့် နိုင်ငံ အတွက်ပေးဆပ်ချင်စိတ်ရှိမည့် ကစားသမားတိုင်းကို အမြဲကြိုဆို ပါကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ တင်ပြသွားမည်ဖြစ်ပြီး ဥက္ကဌ၏အဆုံးအဖြတ်ပေါ်တွင် မူတည်၍ ထပ်မံဆုံးဖြတ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး ကပြောသည်။
ယခုလေ့ကျင့်မှုများပြုလုပ်နေသော ပဏာမမြန်မာ့လက်ရွေးစင်အသင်းသည် မတ်လ ၂ ရက်တွင် ယှဉ်ပြိုင်မည့် AFC Challenge Cup ခြေစစ်ပွဲအတွက် ရည်ရွယ်၍ လေ့ကျင့်နေခြင်းဖြစ်သည်။
7Days News Journal

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်