စည်းကမ်းမဲ့ လမ်းဘေးဈေးသည်တွေကို အရေးယူတာ လိုက်ရိုက်လို့ စည်ပင်တွေ ထွက်ပြေးရပြီ

မေလ ၁၄ရက်နေ့၊ နေ့လည် ၁နာရီခန့်တွင် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလမ်းလကြီးနှင့် ၃၉လမ်းထိပ်အနီးဝန်းကျင် လူသွားလမ်းပေါ်တွင် စည်းကမ်းမဲ့ ရောင်းချနေသော ဈေးသည်များအား စည်ပင်သာယာနှင့် စည်ပင်ရဲများမှ ကား၁၀စီးခန့်ဖြင့်  လိုက်လံဖမ်းဆီးအရေးယူနေစဉ် လမ်းဘေးဈေးသည်များမှ ၁၀ဦးခန့်မှ တုတ်များဖြင့် လိုက်ရိုက်သဖြင့် စည်ပင်နှင့် စည်ပင်ရဲများမှ ကားများဖြင့် ပြန်လည်ထွက်ပြေးခဲ့ရကြောင်း အဆိုပါ လမ်းများတွင် နေထိုင်သူ ပြည်သူများထံမှ သတင်းရရှိသည်။
“ကလေးကျောင်းသွားကြိုတာ ရုန်းရင်းဆန်ခက်ဖြစ်နေလို့ ကြည့်လိုက်တော့ ဈေးသည်တွေ လိုက်ရိုက်လို့ စည်ပင်တွေနဲ့ စည်ပင်ရဲတွေကို ထွက်ပြေးပြီး နောက်ဆုံး ကားပေါ် ပြေးတက်သွားပြီး ကားတွေနဲ့ မောင်းပြေးသွားတာပဲ စည်ပင်တွေမှာ ရိုက်တုတ်တွေ ပါပေမယ့် သူတို့ ပြန်မရိုက်ရဲကြဘူး၊ စည်ပင်ကားတွေက ကားကြီး ၂စီး၊ ကားသေး ၈စီးလောက်တော့ရှိမယ်၊ ကားပေါ်မှာတွေလည်း ဖမ်းထားတယ်လို့ ထင်ရတဲ့ ဈေးဗန်းတွေ ဆိုက်ကားတွေ တွေ့ရတယ်”ဟု ကလေးကျောင်းကြိုရင်း စည်ပင်များနှင့် စည်ပင်ရဲများတို့နှင့် လမ်းဘေး ဈေးသည်များတို့၏ ရုန်းရင်းဆန်ခက်ဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ရသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။
လမ်းဘေးဈေးများကို ၀မ်းရေးအတွက် နေ့လည် ၃နာရီမှ ည၈နာရီအထိ ဈေးရောင်းချခွင့်ကို တရားဝင် ဖြေလျော့ပေးထားသော်လည်း လမ်းဘေးဈေးသည်များမှာ လမ်းများပေါ်တွင် ရှိနေသော စည်ပင်များနှင့် စည်ပင်ရဲများကို လိုင်းကြေးအသွင် ငွေကြေးဖြင့်သော်လည်းကောင်း၊ ကုန်ပစ္စည်းများဖြင့်သော်လည်းကောင်း ပေးပြီး မနက်၇နာရီမှ ည၁၀နာရီအထိ ရောင်းချနေကြောင်း၊ နောက်ပိုင်းတွင် ဂရုမမူတို့ပဲ လူသွားလမ်းများ၊ လူကူမျဉ်းကျားများတွင်ပါ ပိတ်ဆို့ ရောင်းချလျက်ရှိနေပြီး လမ်းသွားလမ်းလာ အမျိုးသမီးများအား စနောက်ခြင်းများ၊ ဖမ်းဆီးသော စည်ပင်ရဲများကိုပါ ရန်မူခြင်းများကို အတင့်ရဲစွာ လုပ်ဆောင်လာကြသည်။
“လမ်းတွေမှာ စည်ပင်တွေ စည်ပင်ရဲတွေ ထားထားပေမယ့် သူတို့က ဟင်းသီးဟင်းရွက်တွေယူ ကွမ်းယာတွေ တောင်းစား၊ ပိုက်ဆံတွေ ယူပြီး ပေးရောင်းထားတယ်၊ လမ်းသွားလမ်းလာတွေနဲ့ အဆင်မပြေဖြစ်ရင် သူတို့ လုပ်ပိုင်ခွင့်မရှိဘူးဆိုပြီး ဈေးသည်တွေဘက်က ကာကွယ်ပေးထားတော့ ဈေးသည်တွေက ရောင့်တက်လာကြတယ်။ ဆိုက်ကားသမားတွေဆိုရင် လှေကားရင်းတွေ ပိတ်ရပ်တာ လူကူးမျဉ်းကျားတွေမှာ ဂိတ်ထိုးတာတွေ သူတို့ရှေ့က သွားနေတဲ့ လမ်းသွားလမ်းလာတွေကို ရှေ့က ရှုပ်တယ်ဆိုပြီး အော်ဟစ် ဆဲဆို ရန်ရှာတာတွေ လုပ်နေတာတွေက စည်ပင်တွေကို ပိုက်ဆံပေးထားပြီး စည်ပင်တွေ အားကိုးနဲ့ မိုက်နေတော့ ဘယ်သူမှလည်း မပြောရဲ မဆိုရဲတော့ဘူးပေါ့၊ ဥပဒေမဲ့လာကြသလိုပဲ၊ အဓိက စည်ပင်တွေနဲ့ စည်ပင်ရဲတွေပဲ သူတို့လည်း ပိုက်ဆံယူထားတော့ ထိထိရောက်ရောက်မလုပ်ရဲကြဘူး၊ ဦးထုပ်တွေ တုတ်တွေကိုင်ထားပြီး ကြောက်နေရတယ်၊ ကိုယ့်လုံခြုံရေးအတွက် ပိုတောင် မလုပ်ရဲတော့ ဈေးသည်တွေနဲ့ ဆိုက်ကားသမားတွေက သူတို့ ထမင်းရှင်တွေလို သူတို့အားကိုးနဲ့ မိုက်လာကြတာ လူတိုင်းအသိပါ”ဟု ဦးဟိန်းကိုဆိုသူက ပွင့်လင်းရင်းနှီးစွာပြောပြသည်။

0 မှတ်ချက်များ: