မြန်မာနိုင်ငံအလယ်ပိုင်း မိထ္ထီလာမြို့မှာ ပြီးခဲ့တဲ့ မတ်လတုံးက ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအကြမ်းဖက်မှုမှာ ပါဝင်ခဲ့ပြီး ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မွတ်စလင် ၆ ဦးဟာသေဒဏ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။
လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ မွတ်စလင် ၆ ဦးရဲ့အမှုကို လာမယ့်သောင်္ကြာနေ့မှာ စီရင်ချက်ချဖွယ်ရာရှိနေပြီး ပြစ်မှုထင်ရှားရှိခဲ့ရင်တော့ သေဒဏ်အပေးခံရလိမ့်မယ်လို့ မန္တလေးတိုင်းဒေသ တရားသူကြီးချုပ် ဦးရဲမြင့်အောင်ကပြောခဲ့တယ်လို့ AFP သတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။

AFP ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းတာကိုဖြေကြားရာမှာ ဦးရဲမြင့်အောင်က စွဲချက်တင်ခံထားရတဲ့ မွတ်စလင် ၆ ဦးထဲမှာ အသက် ၂၀ အရွယ်အမျိုးသားတစ်ဦးက အဓိကလူသတ်တရားခံအဖြစ် စွဲဆိုခံထားရတာဖြစ်ပြီး ကျန် ၅ ဦးကတော့ လူသတ်မှုမှာ ကြံရာပါတွေအဖြစ် စွဲဆိုခံနေရတာဖြစ်တယ်လို့ ပြောခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
အဆိုပါအမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ခံထားရတဲ့ ၇ ဦးမြောက်ဖြစ်တဲ့သူကတော့ အရွယ်မရောက်သေးသူဖြစ်တဲ့အတွက် ကလေးသူငယ်ဆိုင်ရာ တရားစီရင်ထုံးအရ ပြစ်ဒဏ်ပေးခံရဖို့ရှိနေပြီး သတ်ဖြတ်မှုမှာပါဝင်ခဲ့တယ်လို့ ရဲကသံသယရှိသူ နောက်ထပ် ၄ ဦးကိုလည်း ရှာဖွေနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
အနည်းဆုံးလူ ၄၀ ကျော်သေဆုံးခဲ့ရပြီး လူထောင်နဲ့ချီပြီး အိမ်ခြေရာမဲ့ဖြစ်ခဲ့ရတဲ့ မိထ္ထီလာမြို့က ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား တိုက်ခိုက်မှုတွေအပါအဝင် ပြီးခဲ့တဲ့လတွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရအာဏာပိုင်တွေက မှားယွင်းစွာကိုင်တွယ်ဖြေရှင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။
သမ္မတဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကိုသာ ဦးတည်သင့်တယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါတယ်။
တချိန်ထဲမှာပဲ အတိုက်အခံ အမျိုးသားဒီမိုကရေစီ NLD ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ဘာသာရေးအကြမ်းဖက်မှုတွေကို ပွင့်ပွင့်လင်းလင်းရှုံ့ချမှုမလုပ်ဘူးလို့ အင်တာနက်ထွင်းဖောက်နှောက်ယှက်သူ ဟက်ကာအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Anonymous အဖွဲ့က စွပ်စွဲလိုက်ပြီး သူတို့အဖွဲ့အနေနဲ့ ဒေါ်အောင်
ဆန်းစုကြည်ကို ဦးတည်တိုက်ခိုက်မှုတွေလုပ်ဖို့ အတော်လေးအလားအလာရှိနေပြီလို့ ဗြိတိန်နိုင်ငံအခြေစိုက် The Independent ကို ဆက်သွယ်ပြီးပြောခဲ့တယ်လို့ သိရပါတယ်။
Anonymous အဖွဲ့ဝင်တွေအနေနဲ့ အမေရိကန်ပြည်ထောင်စုက CNN သတင်းဌာနရုံးအရှေ့မှာ ဆန္ဒပြမှာဖြစ်ပြီး မြန်မာနိုင်ငံက မွတ်စလင်တွေရဲ့
အရေးနဲ့ပတ်သက်ပြီး မီဒီယာတွေအနေနဲ့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖေါ်ပြကြဖို့ တောင်းဆိုမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
ABC Radio Australia

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်