အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်ကို ဆက်သွယ်ထားသည့် ဘုရင့်နောင်တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချပြီး သေကြောင်းကြံစည်မှုတစ်ခု ဇူလိုင် ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ထိုအမျိုးသားသည် နံနက် ၁၁ နာရီခန့်တွင် ဘုရင့်နောင်တံတားလှိုင်သာယာမြို့ နယ်ဘက်ခြမ်းရှိ တံတားတိုင်အမှတ်လေးနှင့် ငါးကြားမှ ခုန်ချခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။
ထိုအမျိုးသား ခုန်ချလိုက်သည်ကို အဆိုပါတံတားနှင့် မလှမ်းမကမ်းတွင် တံတားဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ရေငုပ်အဖွဲ့၏ စက်လှေပေါ်မှ အလုပ်သမားများဖြစ်သည့် ကိုဇော်မင်းထွန်းနှင့် ကိုကံလှကျော်တို့နှစ်ဦးက တွေ့မြင့်သွားပြီး ကယ်ဆယ်နိုင်ခဲ့သဖြင့် အဆိုပါအမျိုးသားမှာ အသက်မသေဆုံးခဲ့ပေ။

အဆိုပါအမျိုးသားသည် စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ကိုထိန်လင်းကျော်ဖြစ်သည်ဟု ရဲဌာနကအတည်ပြုထားသည်။
သူသည် မိဘများအပေါ်ဆိုးမိုက်ခဲ့ကာ တာဝန်မကျေဖြစ်ပြီး မိမိကိုယ်ကိုအပြစ်ရှိသည်ဟု ခံယူသဖြင့် စိတ်ညစ်ပြီး ယခုလိုကြံစည်မိခြင်းဖြစ်သည်ဟု ရဲများကို ထွက်ဆိုထားသည်ကိုလည်း တွေ့ရသည်။
မြန်မာနိုင်ငံ၏ ဥပဒေအရသေကြောင်းကြံစည်ခြင်းသည် ပြစ်မှုမြောက်သဖြင့် ကိုထိန်လင်းကျော်ကို ရဲများက မိမိကိုယ်ကို အဆုံးစီရင်ရန်ကြံစည်သူအဖြစ် စွပ်စွဲကာတရားစွဲဆိုရန် လုပ်ဆောင်နေစဉ် သူ့မိခင်ဖြစ်သူ ရောက်လာပြီးသူ့သားသည် စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူဖြစ်ပြီး စိတ်ကျန်းမာရေးဆေးရုံတွင်လည်း လူနာမှတ်ပုံတင်ထားရသူ တစ်ဦးဖြစ်ကြောင်း ရဲများကိုရှင်းပြခဲ့သည်ဟု ရဲဌာနကထုတ်ပြန်သည်။
ထို့ပြင် လက်ရှိအချိန်တွင်လည်း အာရှတော်ဝင်ဆေးခန်းတွင် စိတ်ပိုင်းဆိုင်ရာအတိုင်ပင်ခံ ဆရာဝန်နှင့် ပြသနေပြီး ဇူလိုင် ၁၂ ရက် တွင် အိမ်မှပျောက်သွားသဖြင့် စမ်းချောင်းရဲစခန်းတွင် လူပျောက်တိုင်ထားကြောင်းလည်း မိခင်ဖြစ်သူက ဆက်လက်ပြောကြားခဲ့ကြောင်း ရဲဌာနကဆိုသည်။
ထို့ကြောင့်ဒေသအပိုင် ရဲစခန်းကစမ်းချောင်းရဲစခန်းသို့ ဆက်သွယ်ပြီး ကာယကံရှင်၏ မိခင်ပြောကြားချက်များ မှန်၊မမှန် အတည်ပြုခဲ့ရာ မှန်ကန်သည်ဟုဆိုသဖြင့် ရဲများကတရားမဆွဲတော့ဘဲ မိခင်နှင့်အတူ အိမ်သို့ ပြန်ထည့်ပေးလိုက်သည်ဟု တိုင်းရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြီးခဲ့သောဇွန် ၁၁ ရက်ကလည်းအဆိုပါဘုရင့်နောင်တံတားပေါ်မှပင် စက်ရုံအလုပ်သမတစ်ဦးက အကြွေး မဆပ်နိုင်သဖြင့် ခုန်ချကာသေကြောင်းကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ သူမကိုလည်းအနီးရှိ တံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ရေယာဉ်မှူးတစ်ဦးကပင် ကယ်ဆယ်နိုင်ခဲ့သဖြင့် အသက်မသေခဲ့ပေ။
Mizzima

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်