မန္တလေးဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသော တေးသံရှင် ဆိုတေးသည် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀မိနစ်တွင် သတိကောင်းစွာ ရနေပြီဖြစ်ကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူ ဦးရဲအောင်မြင့် က ပြောကြားသည်။
တေးသံရှင် ဆိုတေးမှာ သတိပြန်လည် ရရှိနေပြီ ဖြစ်သည့်အတွက် မျက်လုံး ဖွင့်ပိတ် လုပ်ခြင်းများရှိသော်လည်း စကား မပြောနိုင်သေးကြောင်း၊ လတ်တလောတွင် မန္တလေး ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု ဆက်လက် ခံယူနေမည်ဖြစ်ပြီး နိုင်ငံခြားသို့ သွားရောက် ဆေးကုသရန် မဆုံးဖြတ်ရသေးကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက ဆိုသည်။
ဆိုတေး၏ မိသားစုများသည် နိုင်ငံခြားသို့ သွားရောက်ကုသရန် ဆေးရုံသို့ တရားဝင် ပြောကြားခြင်းမရှိသေးကြောင်း၊ မိသားစုမှ သွားရောက် ကုသရန်ပြောဆိုလာပါက ဆေးရုံမှလည်း ခွင့်ပြုမည့်သဘောထားရှိကြောင်း မန္တလေးဆေးရုံကြီး ဆေးနှင့်လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

အဆိုတော် ဆိုတေး၊ ဇနီး၊ ခယ်မနှင့် ယာဉ်မောင်းတို့ စီးနင်းလာစဉ် ရန်ကုန်မှ မန္တလေး တောင်သာ ဘက်သို့ အသွား မိုင်တိုင် အမှတ် ၂၉၁/၃ မိတ္ထီလာ အမြန်လမ်းမပေါ်တွင် ဘီးပေါက်ကာ ယာဉ်တိမ်း မှောက်မှု ဖြစ်ခဲ့ခြင်းကြောင့် ဇနီးဖြစ်သူ မချောချော (မဝင့်ကုဋေသူ) ကွယ်လွန်ခဲ့သည်။
တေးသံရှင် ဆိုတေး၏ ယာဉ်တိုက်မှုသတင်း ထွက်ပေါ်လာပြီးနောက်တွင် ဆိုတေး၏ ဇနီး ဖြစ်သည်ဟုဆိုကာ မချိုချိုနှင့် ဆိုတေးတို့ တွဲရိုက်ထားသော ဓာတ်ပုံများ အွန်လိုင်းမီဒီယာများတွင် ပျံ့နှံ့လာသောကြောင့် ဆိုတေး၏ ဖခင် ဦးတင်မြင့်မှ နေ၍ ဇူလိုင်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင်တေးသံရှင် ဆိုတေးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖြစ်ပွား ခဲ့သော ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ကွယ်လွန်သွားခဲ့သော မချောချော (မဝင့်ကုဋေသူ) ၏ တရားဝင်ခင်ပွန်းဖြစ်ကြောင်းနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နှစ်ဖက်မိဘများနှင့်သထုံခရိုင်တရားသူကြီး ဒေါ်အေးအေးသိန်း ၏ ရှေ့မှောက်တွင် နှစ်ဦးသဘောတူ လတ်မှတ်ရေးထိုးပြီး လင်မယားအရာ မြောက်ခဲ့ကာ လက်ရှိတွင် အမှတ် ၈၊ ပထမအလွှာ၊ သပြေညိုလမ်း စမ်းချောင်းမြို့နယ်တွင် နေထိုင်လျက် ရှိသည် ဟု ဇူလိုင် ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။
ယင်းသို့ ဖော်ပြပြီး တစ်ရက်အကြာတွင် ဇူလိုင်လ၂၀ ရက်နေ့တွင် မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်း၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဆိုတေး၏ ဇနီးဖြစ်သူဟုဆိုသော မချိုချိုက သတိလစ် မေ့မြောနေသောတေးသံရှင် ဆိုတေး သတိပြန်လည်၍ စကားပြန်ပြောနိုင်လာသောအခါတွင် မိမိကို ၎င်း၏ ဇနီး မဟုတ်ဟု ငြင်းဆန်ပါက တေးသံရှင် ဆိုတေးကို ကာမ လိမ်လည် ရယူမှု နှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ ဥပဒေအရ တရားစွဲဆို မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် နေထိုင်သူ မချိုချို (စီဆူးဒါး ထိုင်းမိုင်) က ပြောကြားသည်။
တေးသံရှင် ဆိုတေးနှင့် ၎င်းမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် လင်မယားအရာ မြောက်ခဲ့ပြီး တေးသံရှင် ဆိုတေး ၏ သီချင်းများကို ကြိုက်နှစ်သက်၍ တစ်ကိုယ်တည်း နားဆင်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ် ဇွန်လတွင် ဆိုတေးကို အခကြေးငွေဖြင့်ငှားရမ်းခဲ့ပြီးသည့် နောက်တွင်တေးသံရှင် ဆိုတေး မှ မိမိနှင့်သမီးရည်းစား ဖြစ်ချင်သည်ဟု ဆိုသောကြောင့် မြန်မာအမျိုးသားတစ်ယောက်ကို ရည်းစားတော်ဖူးသော ခံစားချက်ကိုသိချင်၍ ရည်းစား ဖြစ်ခဲ့ရာမှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ရက်နေ့ တွင် လင်မယားအရာ မြောက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် အတူ နေထိုင်ခဲ့ကြကြောင်း၊ တရားဝင် ဇနီးဟု လက်မှတ်မရေးထိုးထားသော်လည်း အသိသက်သေများ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
The Voice Weekly

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်