ဖုန်းကတ်ကို ကျပ် ၁၅၀ဝ အောက်ဖြင့် ရောင်းပေးမည်
ပြည်တွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ရရှိသော ကုမ္ပဏီဖြစ်သည့် တယ်လီနော်က လိုင်စင်ရရှိပြီး ရှစ်လ အကြာတွင် မိုဘိုင်း ဆင်းမ်ကတ်များ စတင် ရောင်းချပေးသွားမည်ဟု ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg ကပြောသည်။
၎င်းတို့အနေဖြင့် လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် မိုဘိုင်းဖုန်းများချပေးမည် ဖြစ်သောကြောင့် လာမည့် ၂၀၁၄ အတွင်း အသုံးပြုရနိုင်မည် ဖြစ်သည်။

ဆင်းမ်ကတ်များကိုလည်း ကျပ် ၁၅၀ဝ အောက်ဈေးနှုန်းဖြင့် ရောင်းချပေးသွား မည်ဖြစ်သည်ဟု ဆိုသည်။ ၎င်းက “ဆက်သွယ်ရေး လုပ်ပိုင်ခွင့်လိုင်စင် ရရှိပြီးတာနဲ့ နောက်ထပ် ရှစ်လအတွင်းမှာပဲ ကွန်ယက်ကို အပြီးတည်ဆောက်ပြီး ဆင်းမ်ကတ်ကို ရောင်းချပေးသွားမှာပါ။ ဈေးနှုန်းကိုလည်း ကျပ် ၁၅၀ဝ အောက် လျော့တဲ့ဈေးနှုန်းနဲ့ ရောင်းပေးမယ်” ဟု ပြောသည်။
ဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းကောက်ခံရန် လျာထားကြောင်းလည်း ၎င်းကပြောသည်။ ကုမ္ပဏီအနေဖြင့် ပြည်တွင်းတွင် မိုဘိုင်းကွန်ယက်များ တည်ဆောက်ရန် မိုဘိုင်းတာဝါတိုင်များ စိုက်ထူရာတွင် အခြားကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။
“ပြည်တွင်းက ကုမ္ပဏီပဲဖြစ်ဖြစ် အခြားကုမ္ပဏီပဲဖြစ်ဖြစ် တွဲဖက်ပြီး တာဝါတိုင်တည်ဆောက်တာတွေ လုပ်သွားမှာပါ။ အခုထိတော့ တွဲဖက်လုပ်ကိုင်မယ့် ကုမ္ပဏီတွေကို ရွေးချယ်ထားခြင်းမရှိသေးပါဘူး။ ညှိနှိုင်းရဦးမှာပါ” ဟု ပြောသည်။
တယ်လီနော်ကုမ္ပဏီအနေဖြင့် ပြည်တွင်းတွင် ရင်နှီးမြှုပ်နှံမည့် ပမာဏကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ တယ်လီနော် ကုမ္ပဏီ (မြန်မာ)၏ ဘဏ္ဍာရေးမှူး Mr. Lars Erik Tellmann က “လက်ရှိအခြေအနေမှာ ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတာကို ပြောလို့မရသေးပါဘူး။ .. အစိုးရနဲ့ ကိန်းဂဏန်းအရေအတွက်ကို ညှိနှိုင်းနေဆဲဖြစ်ပြီးတော့ ညှိနှိုင်းမှုပြီးရင် တရားဝင်ဖော်ပြသွားမှာပါ” ဟုပြောသည်။
အသုံးပြုသူများ၏ သတင်းအချက်အလက် လုံခြုံရေးများအတွက် ကာကွယ်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ လုပ်ဆောင်သွားမည်ဟုလည်း ၎င်းတို့က ဆိုသည်။
Telenor Myanmar အဖြစ် ပြည်တွင်းတွင်လုပ်ကိုင်ရာတွင် တယ်လီနော်ကုမ္ပဏီမှ ရှယ်ယာရာခိုင်နှုန်း အပြည့်ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုအဖြစ် လုပ်ကိုင်သွားမည်ဖြစ်သည်ဟုလည်း ၎င်းတို့က ပြောသည်။ တယ်လီနော်သည် နိုင်ငံအများစုတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ လုပ်ကိုင်နေပြီး အသုံးပြုသူပေါင်း ၁၄၈ သန်းရှိကာ ကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို နော်ဝေအစိုးရက ပိုင်ဆိုင်သည်။
===========================================
ပုံစာအညွှန်း - ဆက်သွယ်ရေးလိုင်စင်ရရှိသည့် ကုမ္ဗဏီတစ်ခုဖြစ်သော တယ်လီနော်မှ ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များအတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ Park Royal Hotel တွင် ဇူလိုင်လ ၁၇ ရက် နေ့လည်ပိုင်းက ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) အဆိုပါရှင်းလင်းပွဲတွင် ဖုန်းဆင်းမ်ကတ်များကို ၁၅၀၀ အောက်ထိ လျော့ချရောင်းချပေးမည်ဖြစ်ပြီး ဖုန်းပြောဆိုခနှုန်းထားကို တစ်မိနစ်လျှင် ၂၅ကျပ်မျှသာ ကောက်ခံသွားမည်ဖြစ်ကြောင်း Telenor Myanmar၏ အမှုဆောင်အရာရှိ Mr. Petter Furberg က ပြောခဲ့သည်။
Mizzima

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်