မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကြာနီကန် သုသာန်တွင် မူးယစ်ဆေး တွေ့ရှိသဖြင့် ဇူလိုင်လ ၃ ရက်နေ့မှ စတင်ကာ လူဝင် လူထွက်များကို သေချာ စစ်ဆေးလျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးစိုးတင့်အောင်က The Voice သို့ ပြောကြားသည်။
ကြာနီကန် သုသာန်တွင် ဇူလိုင်လ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က သုသာန်၏ အနောက်မြောက် ထောင့်ရှိ ဆေးရုံသုံး ပစ္စည်းများ စွန့်ပစ်သည့် အမှိုက်ပုံးအတွင်းရှိ ပလတ်စတစ်ထုပ်ထဲတွင် မူးယစ် ဆေးဝါးများ ပိုင်ရှင်မဲ့ တွေ့ရှိခဲ့သဖြင့် ယင်းကဲ့သို့ လူ အဝင်အထွက်ကို စစ်ဆေးရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
“အဖမ်းအဆီးရှိလို့ လာပစ်သွားတာ ထင်တယ်။ အခု ဒီကိစ္စ ဖြစ်လာပြီးမှ သုသာန်ထဲကို လူစိမ်း အဝင်အထွက်တွေကို သေချာ စစ်ဆေးသွားမယ်။ သေချာလည်း စောင့်ကြည့်ခိုင်းထားတယ်။ အသုဘ လာချရင်းနဲ့ ပစ်သွားတာ ဖြစ်နိုင်တယ်” ဟု ဦးစိုးတင့်အောင်က ဆိုသည်။

ယင်း မူးယစ်ဆေးဝါးများသည် ကာလတန်ဖိုး ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်း အပြားပေါင်း လေးသိန်းကျော် (၄၂၂,၀၀၀) ကို စစ်ဆေး တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ စွန့်ပစ်ထားသူကို ဖော်ထုတ် အရေးယူပေးရန် ပုသိမ်ကြီး ရဲစခန်းတွင် မူးယစ် အမှုအမှတ် (ပ)၂ /၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၆(ခ)ဖြင့် တရားလိုပြု အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
“လူဝင်လူထွက် စစ်တာတော့ ကောင်းပါတယ်။ မကောင်းမှု ကျူးလွန်တာ အဟန့်အတား တစ်ခု ဖြစ်သွားတာပေါ့။ တခြားနေရာတွေ မှာလည်း စွန့်ပစ်လို့ ရနေတာဆိုတော့ ဒါတွေ ထိန်းချုပ်ဖို့ခက်တယ်” ဟု ချမ်းမြသုခ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးလှအောင်က ဆိုသည်။
The Voice Weekly

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်