ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက်လေးချောင်းပါ သုံးလခွဲအရွယ် ကလေးငယ်ကို ဇူလိုင် ၁၆ ရက်ကရန်ကင်းကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန်အတွက် နံနက် ၈ နာရီ ၀န်းကျင်မှစ၍ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် စတင်ခွဲစိတ် ကုသခဲ့ခြင်းဖြစ်ကြောင်းနှင့် ခွဲစိတ်ကုသမှုကို ဆေးတက္ကသိုလ်(၂)၊ အရိုးရောဂါ ပညာဌာနမှ ဌာနမှူးပါမောက္ခ ဒေါက်တာမြင့်သောင်း၊ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများဖြစ်သည့် ပါမောက္ခ ဒေါက်တာထူးဟန်နှင့် ပါမောက္ခ ဒေါက်တာအေးအေး၊ ရန်ကင်းနှင့် ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်ကြီးများ၊ ဆေးတက္ကသိုလ် (၁)၊ (၂)မှ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် ဆေးပညာအဖွဲ့များ ပူးပေါင်းခွဲစိတ် ကုသခဲ့ခြင်းဖြစ်ကြောင်း ရန်ကင်းကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်၏ ပြောကြားချက်အရ သိရသည်။

ခြေထောက်လေးချောင်းပါ ကလေးငယ်အား ခွဲစိတ်ကုသရာတွင် ပိုနေသည့်ခြေထောက် နှစ်ချောင်းကို အဓိက ဖယ်ထုတ်ခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသပြီးနောက်ပိုင်း လမ်းလျှောက်နိုင်ရန်၊ ကျင်ကြီးကျင်ငယ်သွားနိုင်ရန် ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
ယင်းကလေးငယ်အား ခွဲစိတ်ကုသရန်အတွက် မေ ၁၂ ရက်က ရှမ်းပြည်နယ်မှ ရန်ကင်းကလေး ဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုကလေးငယ်အား ခွဲစိတ်ရာတွင် လိုအပ်သည့် ခွဲစိတ်အထောက်အကူပြု စက်ကိရိယာ ပစ္စည်းများ၊ ကုန်ကျမည့် ကုန်ကျစရိတ်များ အားလုံးကိုနိုင်ငံတော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ယူ လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ခွဲစိတ်မကုသမီ ကလေးငယ်နှင့် သူ၏မိသားစုအတွက် အထွေထွေ ကုန်ကျစရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းမှပင် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
သုံးလခွဲအရွယ် ကလေးငယ်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တောင်ဘက် ၄၅ မိုင်အကွာရှိ ကျေးရွာတစ်ရွာတွင် အဖဦးခွန်စံဒွေး၊ အမိဒေါ်နန်းနောင်းနောင့်တို့မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေးချင်းလေးဦးရှိကြောင်းသိရသည်။
eleven media group

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်