ယမ်ယမ်ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်ဆုံးသည့်အတွက် အသက် ၁၉ နှစ်အရွယ် အိမ်အကူ အမျိုးသမီးကို အိမ်ရှင်က လူအများရှေ့၌ သူခိုးဟု စွပ်စွဲခဲ့သဖြင့် ရှက်၍ သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၅၀ ခန့်တွင် ငါးလွှာ (ညာဘက်) ဝရန်တာ အပြင်နေကာ ကွန်ကရစ်ပြားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၈) ရပ်ကွက် လှည်းတန်းလမ်း၊ အမှတ်(၂၃၊ E) ခြောက်ထပ်တိုက် ငါးလွှာ (ဘယ်) အိမ်ခန်းတွင် အိမ်အကူအလုပ် လုပ်သူ မလွင်မာလာဝင်း ဖြစ်ပြီး မအူပင်မြို့နယ် ရွာသစ်ကျေးရွာ ဇာတိဖြစ်ကာ ငါးလွှာတွင် ဖွင့်လှစ်ထားသည့် Smile အင်တာနက် ဆိုင်ပိုင်ရှင်ထံ၌ အိမ်အကူအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီတွင် အိမ်ရှင်နှစ်ဦး စကားများခဲ့ပြီး ယမ်ယမ် ခေါက်ဆွဲခြောက်ထုပ်များ ပျောက်ဆုံးမှုကြောင့် အိမ်အကူကို သူခိုးမဟု ပြောဆိုသဖြင့် ၎င်းအနေနှင့် အရှက်ရခဲ့ပြီး ယင်းတိုက်တွင်းနေသူ ရတနာထွန်း သင်္ကန်းတိုက် ပိုင်ရှင်ကို ညနေ ၃ နာရီတွင် ခြောက်လွှာပေါ်မှ ခုန်ချမည်ဟု ပြောဆိုခဲ့ကာ လူမနေသည့် ငါးလွှာ ညာဘက်ခန်းပေါ်မှ ခုန်ချရန် ကြိုးစားစဉ် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ အမျိုးသမီး ခုန်ချရန် ကြံစည်မှုကို အိမ်ရှင်တိုက်ခန်းသို့ သွားရောက် မေးမြန်းသော်လည်း မပြောကြားလိုကြောင်း အဆိုပါ မိသားစုဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ အမျိုးသမီးငယ်ကို ကယ်ဆယ်ပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင် ခဏတာ ပို့ဆောင်ခဲ့ပြီး ကမာရွတ်မြို့နယ် ရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အမျိုးသမီးငယ်ကို ကမာရွတ်မြို့နယ် မြို့မရဲစခန်းက အသေးစိတ် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
The Voice Weekly

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်