အဆုတ်ကင်ဆာဖြင့် သြဂုတ်လ ၁၁ ရက်နေ့က ကွယ်လွန်သွား ခဲ့သော မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ၊ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ စာရေးဆရာနှင့် သတင်းစာဆရာ မောင်ဝံသ၏ ဈာပန အခမ်းအနားကို သြဂုတ်လ ၁၅ ရက် ညနေ ၄ နာရီမှ ၆ နာရီ အထိ ရေဝေး သုသာန်တွင် ပြုလုပ်ခဲ့ရာ နိုင်ငံရေးနှင့် စာပေနယ်မှ ထင်ရှား ကျော်ကြားသူများ တက်ရောက်ခဲ့သည်။
ဆရာမောင်ဝံသ သင်္ဂြိုဟ်ခြင်း အခမ်းအနားကို အဆိုပါနေ့ ညနေ ၄နာရီတွင် ဆရာ့ အတ္ထုပ္ပတ္တိ ဖတ်ကြားခြင်းဖြင့် စတင်ခဲ့ကာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ဆရာဖေမြင့် ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင် တို့က ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာ ဂျာနယ်လစ် ကွန်ရက် စသည့် သတင်းစာ အဖွဲ့အစည်းများက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ဖတ်ကြားခဲ့သည်။
ဆရာမောင်ဝံသသည် စာမရေးနိုင်တော့သော်လည်း နောက်ဆုံးအချိန် အထိ နှုတ်မှ ရွတ်ဆိုကာ သမီးဖြစ်သူကို ရေးသားစေပြီး သတင်းစာလောက တိုးတက်ရေးအတွက် ပေးဆပ်ခဲ့ကြောင်း ဆရာ၏ သမီးကြီးဖြစ်သူ မထိုက်ထိုက်စိုးက ပြောကြားသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပန်းတိုင်သို့ လျှောက်လှမ်းနေချိန်တွင် တိုင်းပြည်၏ အခြေအနေများကို ထောက်ပြ ရေးသားသော ဝါရင့် နိုင်ငံရေး သတင်းစာဆရာ တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်ကြောင်း အဆိုပါပွဲသို့ တက်ရောက်လာသော စာရေးဆရာ ချစ်ဦးညိုက ထောက်ပြ ပြောဆိုသည်။
ဆရာမောင်ဝံသသည် ၁၉၄၅ ခုနှစ် ဧပြီလတွင် ပဲခူးတိုင်း ဝေါ မြို့နယ် မြစ်ကျိုးရွာတွင် မွေးဖွားခဲ့သည်။ ၎င်းသည် ကျောင်းသားဘဝမှ စတင်ကာ ကျောင်း မဂ္ဂဇင်းနှင့် စာနယ်ဇင်း အချို့တွင် ပါဝင် ရေးသား ခဲ့ပြီး တက္ကသိုလ် သတင်းထောက် အယ်ဒီတာ၊ စာရေးဆရာ၊ နိုင်ငံရေးသမား၊ လွှတ်တော် ကိုယ်စားလှယ်၊ ဂျာနယ် ထုတ်ဝေသူ စသည်တို့ကို လုပ်ဆောင် ခဲ့သည်။
ဆရာမောင်ဝံသ၏ အကျော်ကြားဆုံး လုံးချင်းစာအုပ်မှာ ၁၉၇၃ ခုနှစ်က ထုတ်ဝေခဲ့သော ဒေါက်တာ ဟင်နရီ ကစ်ဆင်းဂျား နိုင်ငံရေး အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်ပြီး စာအုပ်ပေါင်း ၆၂ အုပ်ကို ရေးသားခဲ့သည်။
ဆရာ ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ်အရွယ် ရှိပြီ ဖြစ်ပြီး ၎င်းသေဆုံးချိန် တွင် ဇနီး၊ သမီး နှစ်ဦး၊ သား နှစ်ဦးနှင့် မြေး နှစ်ဦး ကျန်ရှိခဲ့ကြောင်း မိသားစု ထံမှ သိရသည်။
ဟိန်းသွင်ထက်
The Voice Weekly

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်