ဆီတိုင်ကီ သန့်ရှင်းရေးလုပ်ရာမှ အဆိပ်သင့်ဓာတ်ငွေ့ ရှူမိ၍ သုံးဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်၊ (၃)ရပ်ကွက် ဟိုင်းလုံသင်္ဘောဆိပ်တွင် ဆိုက်ကပ်ထားသော ရွှေလျှံတိုး ငါးဖမ်းစက်လှေဝမ်းတွင် သြဂုတ်လ ၁ ရက် နံနက် ၁၀နာရီခန့်က စက်လှေဆီတိုင်ကီကို သန့်ရှင်းရေး လုပ်ကိုင်သူများမှာ အဆိပ်သင့်သော ကာဗွန်မိုနောက်ဆိုက်ဒ် ဓာတ်ငွေ့ကို ရှူမိရာမှ လူသုံးဦး သေဆုံးခဲ့ကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ဒုတိယရဲမှူး ဦးဗလင်းက ပြောကြားသည်။

စက်လှေ ဝမ်းအတွင်းရှိ အလျား ၁၀ ပေ၊ အနံ ၃ ပေ ဆီတိုင်ကီတွင်းသို့ သန့်ရှင်းရေး ပြုလုပ်ရန် အသက် ၃၃နှစ်အရွယ် ဦးထွန်းလေးက ဆင်းသွားစဉ် မေ့မြောလဲကျသည်ကို ကျန်လုပ်သားနှစ်ဦးက ထပ်မံ ဆင်းကယ်ခဲ့သည်မှာ မအောင်မြင်၍ ဦးမင်းမင်း (၃၃ နှစ်) က အောက်ဆီဂျင်ဘူးဖြင့် ဆင်းကယ်ရာမှာ ပထမဆင်းသူ သုံးဦး သေဆုံးပြီး အောက်ဆီဂျင်ဘူးဖြင့် ဆင်းသူ ဦးမင်းမင်းပါ မေ့မြောခဲ့သဖြင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံသို့ တင်ပို့ထားရာ စိုးရိမ်ရကြောင်း ၎င်းကပြောဆိုသည်။

ဆီတိုင်ကီထဲသို့ ဆင်းသက်သူ အသက် ၃၃ နှစ် အရွယ် ဦးထွန်းလေး၊ အသက် ၃၃ နှစ်အရွယ် ဦမင်းမင်းနိုင်၊ အသက် ၄၂ နှစ် အရွယ် ဦးမျိုးထွန်းတို့ကို ဆေးရုံသို့ ပို့ဆောင်စဉ်လမ်းတွင် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

သေဆုံးသူများကို ရန်ကုန် အရှေ့ပိုင်းခရိုင်ဆေးရုံမှ ဆရာဝန်၏ စစ်ဆေးချက်အရ ကာဗွန်မိုနောက်ဆိုက်ဒ် ဓာတ်ငွေ့ ပါဝင်သည့် အဆိပ်သင့်လေ ရှူမိရာမှ သေဆုံးရခြင်း ဖြစ်ကြောင်း ဆိပ်ကမ်းရဲစခန်းက အတည်ပြုသည်။

ဆီလှောင်ကန်သည် အသုံးမပြုသည်မှာ နှစ်လခန့် ကြာမြင့်ပြီး အတွင်း၌ ရေတစ်ပေခန့် ရှိကြောင်း အဆိုပါဆိပ်ကမ်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

“ဖြစ်တဲ့အချိန်မှာ သင်္ဘောပေါ်မှာ လူမရှိဘူး။ ကိုယ့်အလုပ်နဲ့ကိုယ် ကုန်းပေါ်မှာ အလုပ်လုပ်နေကြတာ၊ ဖြစ်ပြီးလို့ လဲကျတာမြင်လို့ လူတွေအုံလာပြီး ဆေးရုံပို့တော့ သုံးယောက်က အသက်မရှူတော့ဘူး။ မင်းမင်းတစ်ယောက်ပဲ အသက်ရှူတော့တယ်” ဟု အဆိုပါ သင်္ဘောပေါ်တွင် ပဲ့နင်းအဖြစ် လုပ်ကိုင်သူ အသက် ၅၀ အရွယ် အမျိုးသားက ပြောကြားသည်။

ရွှေလျှံတိုး ငါးဖမ်းသင်္ဘော စက်လှေ၏ ပိုင်ရှင်သည် ကော့သောင်းမြို့တွင် နေထိုင်သည်ဟု သိရှိရသော်လည်း ဆက်သွယ်စုံစမ်း၍ မရသေးကြောင်း၊ အဆိုပါလူသုံးဦး သေဆုံးမှု ကို သေမှုသေခင်း အမှတ် ၃၅/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဆိပ်ကမ်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

0 မှတ်ချက်များ: