သေဆုံး မြန်မာ သင်္ဘောသားတွေ လျော်ကြေးရ

မြန်မာ သင်္ဘောသားတွေပဲပါဝင်တဲ့ သင်္ဘောတစင်း ဖိလိပိုင်နိုင်ငံ ရေပိုင်နက်ထဲမှာ နစ်မြုပ်ခဲ့တဲ့ အတွက် ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေရဲ့ မိသာစုဝင်တွေနဲ့ အသက်ရှင်ကျန်ရစ်တဲ့ သင်္ဘောသား တွေအတွက် သင်္ဘောပိုင် ကုမ္ပဏီက မနေ့က လျော်ကြေးငွေအမေရိကန်ဒေါ်လာ ၉ သိန်းကျော် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

နစ်မြုပ်သွားတဲ့ သ င်္ဘော မှာ မြန်မာ သင်္ဘောသားတွေ ချည်းပဲ ပါဝင်တဲ့ သင်္ဘောဖြစ်ပြီး ခုချိန်ထိ ၁၄ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ၁ ဦးသေဆုံးကာ ၉ ဦးကတော့ အသက်ရှင် ကျန်ရစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က အမ်ဗီ ဟာရေတာ ဘောက်ဆက် (M.V.HARITA BOUXITE) နာမည်ရှိတဲ့သင်္ဘောဟာ အင်ဒိုနီးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို နီကယ်မြေကြီးတွေ တင်ဆောင်လာရင်း စက်ချို့ယွင်းမှု ဖြစ်ပြီး ဖိလိပိုင်နိုင်ငံ Luzon West Cost ကျွန်းနဲ့ ၂၅ မိုင်အကွာမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

လျော်ကြေးငွေ ကိစ္စနဲ့ ပတ်သက်ပြီး သင်္ဘောပိုင် ကုမ္ပဏီရဲ့ မြန်မာ ဌာနေ ကိုယ်စားလှယ် S.S.R\ Big Trans Shipping က ဦးသန်းနိုင်က အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက နစ်မြုပ်သွားတာဟာ အခုထိဆိုရင် ၆ လနီးပါး ကြာသွားပြီ။ သေဆုံးသွားတဲ့ သူကော ပျောက်ဆုံးသွားတဲ့ သူတွေကော၊ ဒဏ်ရာရတဲ့ သူတွေကော အသက်ရှင်တဲ့ သူတွေအတွက်ကော ထိုက်သင့်သည့်အားလျော်စွာ သူ့သတ်မှတ်ထားတဲ့ နှုန်းထား အရလျော်ကြေးတွေကို အသီးသီး အပြည့်အဝ ဒီနေ့ဟာ နောက်ဆုံးပေးအပ်ခြင်းဖြစ်တယ်။”

သင်္ဘောနစ်မြုပ်ခဲ့တဲ့နေရာဟာ အန္တရာယ် အလွန်ကြီးတဲ့ ရေစီးချောင်းတွေ ရောထွေးနေတဲ့ နေရာတစ်ခုဖြစ်ပြီး ဖိလိပိုင်အစိုးရရဲ့ ငါးမန်းဘေးမဲ့ဇုံ တစ်ခုဖြစ်တယ်ဆိုတဲ့ အကြောင်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သင်္ဘောရဲ့ ကပ္ပတိန် ဦးကြည်ဝင်းက ပြောပါတယ်။

အခုနစ်မြုပ်ခဲ့တဲ့သင်္ဘောဟာ အင်ဒိုနီရှားပိုင် သင်္ဘောဖြစ်ပြီး စင်္ကာပူနိုင်ငံအခြေစိုက် Ocean Sentinels Ship Management ကုမ္ပဏီက ကြီးကြပ်တယ်လို့ သိရတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ABC

0 မှတ်ချက်များ: