မန္တလေးမြို့ရှိ လူမှုရေးအသင်းများ၏ အရေးပေါ်ဖုန်းနံပါတ်များကို အလွယ်တကူ ဆက်သွယ်နိုင်သော မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်တစ်ခုကို သြဂုတ် ၁၀ ရက်က စတင်၍ အခမဲ့ ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း ယင်း ဆော့ဖ်ဝဲလ်ရေးဆွဲသူ ကိုဖြိုးက မဇ္ဈိမကို ပြောသည်။
“Mandalay Donate"ဟု အမည်ပေးထားသည့် ယင်းဆော့ဖ်ဝဲလ်မှာ မန္တလေးမြို့တွင် ယာဉ်မတော် တဆမှုများနှင့် အခြားရုတ်တရက် ထိခိုက်ဒဏ်ရာရမှုများအတွက် အရေးပေါ်ဆေးရုံတင် ကုသနိုင်ရန် အတွက် ရေးဆွဲထားခြင်းဖြစ်ပြီး လူမှုကူညီရေးအသင်းများကို အလွယ်တကူဆက်သွယ်နိုင်ရန် လိပ်စာ နှင့် ဖုန်းနံပါတ်များပါဝင်သော Android ဆော့ဖ်ဝဲလ်တစ်ခုဖြစ်သည်။ ယင်းဆော့ဖ်ဝဲလ်ကို အွန်လိုင်းမှ တစ်ဆင့် အလွယ်တကူ ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်။
ဆော့ဖ်ဝဲလ်ရေးဆွဲသူ ကိုဖြိုးက “Android ဖုန်းတွေမှာ အလွယ်တကူထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး တစ်စုံတစ်ရာဖြစ်လို့ အရေးပေါ်ဖုန်းနံပါတ် လိုအပ်တဲ့အခါ ဘယ်အချိန်မဆို အသုံးပြုနိုင်ပါတယ်” ဟု ပြောသည်။

ယင်းဆော့ဖ်ဝဲလ်မှာ စမ်းသပ်ရေးဆွဲထားသည့် အဆင့်တွင်ရှိပြီး သြဂုတ်လကုန်ပိုင်းတွင် ထပ်မံအဆင့်မြှင့်တင်မည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ ယင်းဆော့ဖ်ဝဲကို အသုံးပြုရန်အတွက် အင်တာနက်ချိတ် ဆက်ရန်မလိုဟုလည်း သိရသည်။ သြဂုတ်လကုန်ပိုင်းမှစတင်ပြီးမန္တလေးမြို့တွင်ရှိသော လူမှုရေးအသင်း များစွာ၏ ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းသွားမည်ဖြစ်သည်။
ပေးဆပ်ခြင်းသွေးလှူအသင်းမှ ဦးစိုးနန္ဒက “လမ်းမှာကြုံနေရတာ နေ့စဉ်လိုပါပဲ။ တချို့ဆို ကိုယ့်ရှေ့မှာတွင် ဖြစ်သွား တယ်။ ကူညီချင်ပေမယ့် အသင်းတွေရဲ့ ဖုန်းနံပါတ်တွေမသိဘူး။ မှတ်လည်း မထားမိဘူး။ အခု ဒီဆော့ဖ်ဝဲလ်လေးပေါ်လာတာ ဂုဏ်ယူပါတယ်။ အရေးပေါ်ကြုံလာရင် ကူညီပေးလို့ရတာပေါ့” ဟု ပြောသည်။ လောကပါလ လှုမှုကူညီရေး အသင်းမှ ဦးခင်မောင်တင့်ကလည်း “အခုလို ဆော့ဖ်ဝဲလ်လေး လုပ်ပေးထားတော့ ကောင်းပါတယ်။ တစ်ခါတစ်ရံ သက်ဆိုင်ရာက ဖုန်းဆက်မှ ဖြစ်တဲ့ဆီကိုရောက် တယ်။ ရောက်တဲ့အချိန်ကျတော့ ထိမိခိုက်မိတဲ့လူက အချိန်လွန်နေပြီ။ ဒီ့ထက်စောပြီးသိရရင် အသက် အန္တရာယ် မစိုးရိမ်ရတော့ဘူး။ အခုဟာကတော့ လူတိုင်းဖုန်းကိုယ်စီနဲ့ဆိုတော့ ပိုပြီးလွယ်ကူသွားပါပြီ” ဟု ပြောသည်။
Mandalay Donate ဆော့ဖ်ဝဲလ်ကို အသုံးပြုလိုပါက https://www.dropbox.com/s/60wyk6uk8u0fx8q/MDYdonateBeta.apk ၀က်ဘ်ဆိုဒ်လိပ်စာတွင် ဒေါင်းလုပ်ဆွဲ၍ အသုံးပြုနိုင်မည်ဖြစ်သည်။
http://www.mizzimaburmese.com/news/breaking-newsbrief/13190-2013-08-13-07-24-42.html

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်