ဓါတ်ပုံ - DVB TV News
တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသော မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာလုပ်သား ၁၇၃ ဦးကို MAI စင်းလုံးငှား လေယာဉ်ဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ခေါ်လာကြောင်း အဆိုပါ လုပ်သားများက ပြောကြားသည်။
အဆိုပါ လုပ်သားများကို သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဉာဏိဿရ ကိုယ်တိုင်ဦးဆောင်ကာ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ယခုပြန်လာသည့် အလုပ်သမားများတွင် အော်ပရာစီခေါ် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမှုကြောင့် ပြန်လာသူများ အပြင် မေလကုန်နှင့် ဇွန်လက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ပြည်တော်ပြန်ရန် စီစဉ်နေသူများလည်း ပါဝင်ကြောင်း လုပ်သားများက ဆိုသည်။
“အဖမ်းအဆီးကြမ်းလို့ မနေရဲတဲ့အတွက် ပြန်လာတာ” ဟု ဂျိုဟိုးပြည်နယ်တွင် ငါးနှစ်ကြာ လုပ်ကိုင်ခဲ့သူ ဦးငြိမ်းဘိုဘိုက ပြောကြားသည်။
ပြန်လာသည့် အလုပ်သမားများတွင် အမျိုးသား၊ အမျိုးသမီးများအပြင် ကလေးငယ်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။
“ဇွန်လကတည်းက ပြန်လာဖို့ မြန်မာသံရုံးမှာ CI (မြန်မာနိုင်ငံသား အထောက်အထား) စောင့်နေတယ်။ အခုမှ ပြန်လာခွင့်ရတယ်” ဟု ကွာလာလမ်ပူတွင် သုံးနှစ်ခန့်ကြာ လုပ်ကိုင်ခဲ့သူ ဦးနေလင်းက ဆိုသည်။
အော်ပရာစီ စစ်ဆင်ရေးကြောင့် တရားမဝင် မြန်မာလုပ်သား တစ်ရက်လျှင် ရာနှင့်ချီ၍ တရားမဝင် နယ်စပ်လမ်းကြောင်း (အောက်လမ်း) မှ မြန်မာနိုင်ငံသို့ ပြန်လာနေကြကြောင်း လုပ်သားများနှင့် ပွဲစားများထံမှ သိရှိရသည်။
မလေးရှားနိုင်ငံတွင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေသူ ထောင်ဂဏန်းခန့်ရှိပြီး ၎င်းတို့ကို လေကြောင်းခရီးဖြင့် ပြန်ခေါ်မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မလေးရှားခရီးစဉ် အပြီးတွင် ပြောဆိုထားသည်။
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာများကို မြန်မာသံရုံးတွင် One Stop Service စင်တာဖွင့်ကာ တရားဝင် အထောက်အထား ထုတ်ပေးရန်၊ တရားမဝင် လုပ်သားများ ဒဏ်ကြေး ဆောင်ရန် မလိုဘဲ ပြည်တော်ပြန်ခွင့်ရရန် မလေးရှား ပြည်ထဲရေးဝန်ကြီးနှင့် ညှိနှိုင်းစဉ် သဘောတူညီမှု ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။
မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား နှစ်သိန်းငါးသောင်းကျော်ရှိပြီး ယင်းအနက် တစ်သိန်းလေးသောင်းကျော်က တရားဝင် ဖြစ်ကြောင်း၊ UNHCR ကတ်ကိုင်ဆောင်ထားသူ ရှစ်ထောင်ခန့် အပါအဝင် တစ်သိန်းတစ်သောင်းကျော်မှာ တရားမဝင် မြန်မာများ ဖြစ်သည်ဟု မလေးရှားအစိုးရက ပြောဆိုထားသည်။
အော်ပရာစီ စစ်ဆင်ရေးကြောင့် ဖမ်းဆီးခံထားရသူ ၅၀၀၀ ကျော်အနက် မြန်မာ ၆၀၀ ခန့် ပါဝင်သည်။
The Voice Weekly

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်