ဈေးကွက်တွင်း ဖုန်းငွေဖြည့်ကတ်အတုများ ပေါ်ပေါက်နေဟု သတင်းများထွက်ပေါ်

ဖုန်းငွေဖြည့်ကတ်အတုများမှာ ခဲခြစ်နေရာတွင် အမှတ်အသားတစ်စုံတစ်ရာမပါရှိ၍ ဝယ်ယူသူများအနေဖြင့် သတိပြုဝယ်ယူသင့်ကြောင်း မိုဘိုင်းဖုန်းဆိုင်များက သတိပေးလိုက်သည်။ (ဓာတ်ပုံ - ဟောင်ဆာ)
ဈေးကွက်အတွင်း မိုဘိုင်းဖုန်းငွေဖြည့်ကတ်အတုများ ပေါ်ပေါက်နေ၍ ၀ယ်ယူရာတွင် သတိထားဝယ် ယူသင့်ကြောင်း ဈေးကွက်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့က မဇ္ဈိမကို ပြောသည်။

ထိုသို့ဖြစ်ပေါ်ခြင်းမှာ ငွေဖြည့်ကတ်များဝယ်ယူ၍ Pin Code နံပါတ်ရိုက်ထည့်ရာတွင် ဖုန်းဘီလ်ဝင်သွားခြင်းမရှိဘဲ အသုံးပြုပြီးသားငွေဖြည့်ကတ်ဖြစ်နေခြင်းဖြစ်သည်ဟု အရောင်းဆိုင်များက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး Mr.Fone မိုဘိုင်းအရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ဦးထက်လင်းက “မိုဘိုင်းဖုန်းကတ်အတုတွေ ဈေးကွက်မှာ ပေါ်နေတယ်လို့ သိရပါတယ်။ မန္တလေးဘက်မှာက ပိုအဖြစ် များနေတယ်။ မိုဘိုင်းဖုန်းဆိုင်တွေ အနေနဲ့ရော အသုံးပြုသူတွေပါ သတိထားဖို့လိုတယ်”ဟု ပြောသည်။

အဆိုပါငွေဖြည့်ကတ်အတုများမှာ အသုံးပြုပြီးသား(ခဲခြစ်ပြီးသား) ငွေဖြည့်ကတ်များကို ခဲဖြင့် ပြန်လည် ဖုံးအုပ်ခြင်း ဖြစ်ပြီး ငွေဖြည့်ကတ်ဝယ်ယူရာတွင် ခဲခြစ်သည့်နေရာတွင်ပါသော အမှတ်အသားများကို ကြည့်ရှုဝယ်ယူသင့်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနရှိ အင်ဂျင်နီယာမှူး ဦးအောင် ကျော်သက်က ပြောသည်။

၎င်းက “ငွေဖြည့်ကတ်ထုတ်တဲ့အခါမှာ လုံခြုံရေးအနေနဲ့ ငွေဖြည့်ကတ် ခဲအုပ်ထားတဲ့နေရာမှာ MPT ဆိုတဲ့ Logo တံဆိပ်ကို ရိုက်ထားပေးတယ်။ ၀ယ်ယူအသုံးပြုသူတွေအနေနဲ့ ငွေဖြည့်ကတ် ၀ယ်တဲ့အခါ ခဲခြစ်နေရာမှာ MPT ပါ၊ မပါ ကြည့်ပြီးဝယ်သင့်တယ်။ MPT မပါဘဲ ခဲသားချည်းပဲဖြစ်နေရင် အတုဖြစ်နိုင် တယ်”ဟု ပြောသည်။

အဆိုပါခဲခြစ်နေရာတွင် MPT နှင့် (၁၅၀၀ တန်ဖုန်းအတွက်ဆိုပါက) MPT အမှတ်အသားများ ပါဝင်ပြီး ယင်းတို့ကို သတိထားသင့်ကာ အတုဖြစ်ပါက ယင်းနေရာများတွင် မည်သည့်အမှတ်အသားမှ ပါဝင်မည် မဟုတ်ပေ။

ဦးထက်လင်းကလည်း “ဖုန်းကတ်ဝယ်ယူသူတွေက ၀ယ်ယူပြီး ငွေဖြည့်ကြည့်တဲ့အခါ ကတ်အတုဖြစ်နေ လို့ဆိုရင် ကျွန်တော်တို့ဆိုင်တွေအနေနဲ့ကလဲ မဖြေရှင်းတတ်ဘူး။ ဆက်သွယ်ရေးကို ဖြေရှင်း ခိုင်းရင်လဲဒီကိစ္စက မလွယ်ဘူး”ဟု ပြောသည်။

ယင်းသို့ဖြစ်ပေါ်မှုများရှိနေသောကြောင့် ငွေဖြည့်ကတ်စနစ်ကို E-Top up Card စနစ်ဖြင့် ထုတ်လုပ်ပါက ပိုမို၍လုံခြုံစိတ်ချရနိုင်ပြီး လက်ရှိထုတ်လုပ်နေသော ငွေဖြည့်ကတ်များကိုလည်း လုံခြုံရေးစနစ် ပိုမို ကောင်းမွန်အောင်လုပ်ဆောင်ထားသင့်ကြောင်း Amara Communication မှ တာဝန်ရှိသူ ဦးထွန်း ထွန်းလင်းက သုံးသပ်ပြောကြားသည်။

ဦးထွန်းထွန်းလင်းက “Electronic Charging စနစ်ကို အသုံးပြုပြီး ငွေဖြည့်ကတ်ထုတ်ပေးတဲ့စနစ်က ပိုမိုပြီးလုံခြုံရေး ကောင်းတာပေါ့။ လက်ရှိ Top up Card နဲ့ ထုတ်နေတဲ့စနစ်မှာလည်း လုံခြုံရေးအရ အတုအပမပြုလုပ်နိုင်အောင် လုပ်ဆောင်ထားဖို့လိုနေပြီ”ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် Electronic Charging စနစ်ဖြစ်သောE-Top up Card စနစ်ကို အသုံးပြုနိုင်ရန် အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာန ဒု-၀န်ကြီး ဦးသောင်းတင်က နိုဝင်ဘာ ၁၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားထားသည်။

မိုဘိုင်းဖုန်းငွေဖြည့်ကတ်စနစ် ထုတ်လုပ်ရာတွင် GSM နှင့် CDMA ငွေဖြည့် ကတ်နှစ်မျိုးရှိပြီး အဆိုပါ ငွေဖြည့်ကတ်များကို Asia Mega Link Co., Ltd.? Global Telephone Co., Ltd..၊ တာမိုးညဲချမ်းသာ ထွန်းဝေသာကုမ္ပဏီ၊ ရတနာပုံတယ်လီပို့နှင့် Elite Tech IT Services Co., Ltd. တို့က ထုတ်လုပ် ရောင်းချလျက်ရှိသည်။

ယင်းအပြင် ငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချမည့်ကုမ္ပဏီများကိုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း က တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါပိတ်သိမ်းသည့် ယခုနှစ် အောက်တိုဘာ ၁၄ ရက်အထိ တင်ဒါတင်သွင်း သည့်ကုမ္ပဏီ ၂၁ ခုအထိရှိသည်။

http://www.mizzimaburmese.com/component/k2/item/16412-2013-12-05-05-04-44

0 မှတ်ချက်များ: