စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာရှိ ထန်းတက်တောင်သူ ၂၀ ခန့်သည် မြို့ပြစီမံကိန်းဖော်ထုတ်ရန်နှင့် ရဲတပ်ရင်း ၂၈ တည်ဆောက်ရန်အတွက် ၎င်းတို့ပိုင်ဆိုင်သော မြေယာများ သိမ်းဆည်းခံရခြင်း၊ ထန်းပင်များအား မြေကော်စက်များနှင့် ထိုးလှဲခံရခြင်းတို့ကြောင့် လုပ်ကိုင်စားသောက်စရာ မရှိတော့သဖြင့် မုံရွာ-ပုသိမ် လမ်းမကြီးဘေးတွင် မတ် ၁၇ ရက် နံနက်မှ စတင်၍ တောင်းရမ်းစားသောက်နေကြောင်း သတင်းရရှိသည်။
"ရွာကိုလာပြီးကြည့်ပါ။ တကယ်ကို လုပ်စားစရာမရှိတော့ပါဘူး။ တောသူတောင်သားဆိုတာ တောင်ယာလုပ်ငန်းခွင်ကလွဲရင် ဘာတစ်ခုမှလုပ်မစားတတ်သလို ထန်းတက်တောင်သူဆိုတာကလည်း ထန်းတက်ပြီး ထန်းလျက်ချက်ရောင်းစားတဲ့ အတတ်ပညာကလွဲလို့ ဘာအတတ်ပညာမှ မတတ်တော့ ငတ်သေဖို့ပဲ ရှိတော့တယ်။ အဲဒါကြောင့် အခုလိုတောင်းစားကြရတာပါ။ အုပ်စုဖွဲ့တောင်းကြပြီး ညနေရောက်ရင် တစ်နေ့တာတောင်းရသမျှကို ညီတူညီမျှ ခွဲဝေယူကြမယ်။ ရတာလေးနဲ့ မိသားစုချက်ပြုတ်စားသောက်ကြမယ်" ဟု အုံတုံပင်ရွာသူတစ်ဦးက ပြောကြားသည်။
သက်ဆိုင်ရာတာဝန်ရှိသူအချို့ကလည်း မိမိတို့၏ ဆုံးရှုံးသွားသည့် ထန်းပင်များအား စာရင်းပြုစုပေးပို့ရန်နှင့် ပေးပို့ပြီးပါကလျော်ကြေးများ ထုတ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ တောင်းရမ်းစားသောက်ချိန်ကာလမှာ အလောင်းတော်ကဿပ ဘုရားဖူးများ စည်ကားချိန်နှင့် အနောက်အမေကြီးပွဲတော်သို့ သွားလာကြသည့် ဘုရားဖူးများဖြင့် အထူးစည်ကားနေချိန်လည်းဖြစ်သည်။
(မတ် ၁၇ ရက်က ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာမှ တောင်သူများ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်၌ တောင်းရမ်းနေစဉ်)
Eleven Media Group

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်