အစိုးရအနေဖြင့် မီဒီယာများအား သတင်းထုတ်ပြန်မှုများ၊ သတင်းစာရှင်းလင်းပွဲပုလုပ်မှုများ၊ သတင်းမီဒီယာများနှင့် ဆက်ဆံရေးကောင်းမွန်လာသော်လည်း ယခင်အစိုးရလက်ထက်ကဲ့သို့ မီဒီယာများ၏ သတင်းရယူမှုကို ငြင်းဆန်နေသည့် အစိုးရဌာနများ ရှိနေဆဲဖြစ်ကြောင်း မီဒီယာအသိုက်အ၀န်းမှ သိရသည်။
"မီဒီယာတွေနဲ့ ဌာနဆိုင်ရာတွေ ဆက်ဆံရေးက အရင်ကထက်တော့ ကောင်းလာပေမယ့် မီဒီယာတွေ့ကို တွေ့ဆုံရမှာကြောက်နေသေးတဲ့ အစိုးရရုံးတွေ၊ လူကြီးတွေ ခုထိရှိတုန်းပဲ၊ အများဆုံးကြုံရတာ စည်ပင်သာယာရုံးနဲ့ ရဲဌာနတွေဖြစ်နေတယ်၊ ဟိုတစ်နေ့က ကြုံရတာတော့ ကုန်းလမ်းပို့ဆောင်ရေးမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သတ်ပြီး အချက်အလက်ယူဖို့သွားတာ တိုင်းဦးစီးတွေ၊ ဦးစီးအရာရှိတွေအဆင့်ဆင့်တွေ့ခိုင်းပြီး မီဒီယာဆိုရင် အထက်ကို စာတင်ပြီးမှ ဆက်လက်ဆောင်ရွက်ဖို့ ပြောခံရတယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစာအုပ်ကို ရောင်းပေးလိုက်ရင် ဖြစ်တာကို မီဒီယာဆိုတာပြောမိလိုက်တာ လန့်ဖြန့်ပြီး စာအုပ်ပါဝယ်မရဖြစ်သွားတာကြုံလိုက်ရတယ်"ဟု ပေါ်ပြူလာနယူးစ်ဂျာနယ်မှ သတင်းထောက်တစ်ဦးက ပြောပြသည်။
သတင်းမီဒီယာများအနေဖြင့် သတင်းရယူရာတွင် သတင်းအရင်းအမြစ်မှ အင်တာဗျူးလက်ခံတွေ့ဆုံပြီးမှ မီဒီယာ၏ မေးခွန်းအပေါ် စိတ်ခံစားမှုရှိလျှင် အိမ်ကျော်နင်းမှု၊ အသရေဖျက်မှုစသော အမှုများနှင့် တရားစွဲဆိုခံရမှုများ ရှိနေပြီး မီဒီယာသမားအနေဖြင့် ထိုကဲ့သို့ တရားစွဲခံရပါက အမျိုးသားများတင်မက အမျိုးသမီးများပါ အကြီးဆုံးနှင့် အများဆုံးသော ပြစ်ဒဏ်စီရင်ခံရမှုများ ကြုံတွေ့နေရသော သာဓကာများစွာလည်းရှိသည်။
"မနှစ်က နှစ်ကုန်ပိုင်းလောက်က Eleven Mediaက သတင်းထောက်မခိုင် DVBက သတင်းထောက်ရယ် သတင်းရယူရင်း သတင်းအရင်းအမြစ်က မေးခွန်းအပေါ် မကျေနပ်ဖြစ်ပြီး မတရားချောက်ချ တရားစွဲခဲ့တာရယ်၊ အဲ့ဒီအမှုတွေကို သေးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင်ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတယ်ဆိုတဲ့ တရားစီရင်ရေးတွေက မီဒီယာဆိုပြီး အမျိုးသားကော၊ အမျိုးသမီးသတင်းထောက်တွေကိုပါ စီရင်လေ့ မရှိလောက်အောင် နည်းတဲ့ ပြစ်ဒဏ်၊ တော်တော်များတဲ့ပြစ်ဒဏ်၊ ထောင်ဒဏ်အထိ ပေးလိုက်တာ အားလုံးမြင်ရ သိရတာ မီဒီယာတွေရဲ့ လွတ်လပ်စွာသတင်းရယူခွင့်တွေ အခွင့်အရေးတွေ ဆုံးရှုံးနေတာဖြစ်ပါတယ်"ဟု အတိုက်အခံမီဒီယာတစ်ခုမှ သတင်းထောက်တစ်ဦးက ဆိုသည်။
ထို့အပြင် မီဒီယာများမှ သတင်းရယူရာတွင် ခြိမ်းခြောက်ခံရမှုများ ကြုံနေရပြီး လတ်တလေ မန်းပဋိပက္ခဖြစ်စဉ်တွင် သတင်းမီဒီယာအများစု ခြိမ်းခြောက်ခံခဲ့ရကြောင်းသိရသည်။
‘‘မီဒီယာကျင့်ဝတ်တွေ၊ သတင်းစာကျင့်ဝတ်တွေ၊ ဘာတွေလာမပြောမနေနဲ့။
မင်းတို့ သတင်းထောက်တွေ သတ္တိရှိရင် ညဘက်ကျုံးဘေးလာခဲ့။
ကုလားဘက်ပါမယ်တော့မကြံနဲ့။ မန္တလေးသားတွေ အကြောင်းသိစေရမယ်’’ဟု
မန္တလေးမှပေးပို့သည့် ပုံစံဖြင့် tunmrat@gmail.com
အမည်ဖြင့် အီးမေးလ်ပေးပို့ကာ ခြိမ်းခြောက်ခဲ့သည်။ အုပ်စုတစ်စုက နိုင်ငံရေး
ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်စာ များကို အီးမေးလ်ဖြင့်ဖြစ်စေဖေ့စ်
ဘွတ်ခ်မှ တစ်ဆင့်ဖြစ်စေ မကြာ ခဏရေးသားပေးပို့မှုများ လက်ခံ ရှိကြောင်း
ကမာရွတ်မီဒီယာမှ ဦး နေသန်မောင်ကပြောသည်။
ဌာနဆိုင်ရာများ၏ မီဒီယာများကို ငြင်းဆန်မှုများအပေါ်ကိုလည်း သတင်းဇာနည်မီဒီယာမှ မိုးစက်မှ မီဒီယာများသည် အမှန်တရားကို ဖော်ထုတ်နေတာဖြစ်ပြီး မီဒီယာကို ကြောက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် အမှန်တရားကို ဆန့်ကျင်နေသူ၊ ဖုံးကွယ်နေသူများဖြစ်ပြီး ပြည်သူလူထုကို သတင်းအမှန်မရရှိအောင်လုပ်ခြင်းဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သည့်အတွက် အစိုးရမှ ယင်းဖြစ်စဉ်ကို ဆောင်ရွက်နေသူများကို အရေးယူဆောင်ရွက်သင့်ကြောင်း အကြံပြုပြောဆိုခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များတွင် ပုဒ်မ၃၅၄အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် ပုဒ်မခွဲ(က)အရ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်ဟုပြဋ္ဌာန်းထားသည်။
သတင်းထောက်ကေ
မီဒီယာများအား သတင်းပေးရန် ငြင်းဆန်နေသည့် ဌာနဆိုင်ရာများ ယနေ့တိုင် ရှိနေဆဲ
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်