![]() |
| နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာ ဖတ်နေသူ တဦး (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ) |
အစိုးရ နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာတွင် မွန် နှင့် ကရင် ပြည်နယ်များ၌ ဒေသန္တရ တိုင်းရင်းသား ဘာသာ စာပေ တိုးချဲ့ စာမျက်နှာသစ်ကို သြဂုတ် ၁ ရက်မှ စတင်ပြီး ထည့်သွင်း ထုတ်ဝေသွားရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ ပြည်နယ် နှစ်ခုတွင် တိုးချဲ့ဘာသာအဖြစ် မွန်၊ အရှေ့ပိုး ကရင်၊ စကော ကရင်၊ ပအို့ဝ် စာပေ လေးမျိုး အတွက် မြန်မာ့ အလင်း သတင်းစာ၌ အရောင်စုံ အချပ်ပို အနေဖြင့် တမျက်နှာစီ ထပ်မံတိုးချဲ့ရန် စီစဉ်ခြင်း ဖြစ်သည်။
မွန်ပြည်နယ် အစိုးရ အဖွဲ့၏ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက“အခု အသစ်တည်ထားတဲ့ ကိုယ်ပွားသတင်းစာတိုက် မော်လမြိုင်ကနေ ဒီဘာသာ လေးမျိုးကို စမ်းသပ် ကာလ သုံးလအနေနဲ့ အပတ်စဉ် ခုနစ်ရက် တခါ ပါနိုင် အောင် စလုပ်နေပါတယ်။ နောက်ပိုင်း နေ့စဉ်ထုတ်နိုင်တဲ့ အထိ ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်”ဟု ဧရာဝတီကို ပြော သည်။
လိုအပ်နေသော ဘာသာပြန်ဆိုရေး အတွက် သိကျွမ်းသူ နယ်မြေခံ တိုင်းရင်းသား သတင်းထောက်များ၏ အကူအညီဖြင့် စတင် လုပ်ဆောင်နေပြီး ပြည်နယ် ပြန်ကြားရေး ဦးစီး အယ်ဒီတာ အဖွဲ့မှ သတင်းချုပ်ကိုင်မှု၊ ရေးသား ထည့်သွင်းပိုင်ခွင့်များနှင့် ပတ်သက်၍ ဘာသာပြန်သူများနှင့် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။
တိုင်းရင်းသားဘာသာ စာမျက်နှာတခုအတွက် တာဝန်ယူထားသူ တဦးဖြစ်သည့် ကိုမျိုးမင်းဦးက“ထည့်ချင်တာက အများကြီး၊ စာမျက်နှာ Space က နည်းတယ်။ သတင်းအများကြီး ထည့်နိုင်ဖို့ကလည်း လူအင်အားက လိုအပ်တာကိုး။ အခုက အချပ်ပိုပုံစံနဲ့ ဆိုတော့ တမျက်နှာနဲ့လည်း အဆင်ပြေပါတယ်။ သတင်းတွေကို ချုံ့နိုင်သလောက် ချုံ့ပြီး ထည့်ရတာပေါ့။ မိမိ တိုင်း ရင်းသား အတွက် သိသင့်သိထိုက်တဲ့ သတင်းတွေကိုပဲ ဦးစားပေး ထည့်ရမယ်လေ။ ပြန်ကြားရေးဆီက ဝင်လာတဲ့ တချို့သတင်းတွေက အရေးကြီးချင်မှ အရေးကြီးမှာပါ”ဟု ပြောသည်။
ဘာသာပြန်ဆိုသူ လိုအပ်နေမှုနှင့် ပတ်သက်ပြီး ၎င်းက“ပြန်ကြားရေး ဝန်ထမ်းအဖြစ်လည်း မဟုတ်ဘူး ဆိုတာက တကြောင်း၊ ဝင်လုပ်ရင် စည်ပင်သာယာရေး ဝန်ထမ်းအနေနဲ့ လုပ်ရမှာ။ တိုင်းရင်းသားတွေက အစိုးရကို တသက်လုံး မယုံကြည် လာခဲ့ တော့ ဒီလို အစိုးရ သတင်းစာ ပေါ်လစီ အတွက် အသုံးချခံ ဖြစ်သွားမှာ စိုးရိမ်နေကြတယ်။ ဒါကြောင့် ပူးပေါင်း လုပ်ကိုင် ချင် စိတ် အားနည်းနေတုန်းပဲ”ဟု ဆက်ပြောသည်။
တိုးချဲ့ကဏ္ဍများ အတွက် တိုင်းရင်းသား သတင်းထောက်များ၊ ဘာသာပြန်များကို ပြန်ကြားရေး ဌာန၏ အမြဲတမ်း ဝန်ထမ်း အဖြစ် ပြည်နယ် အစိုးရအဖွဲ့မှ ခန့်အပ်ပိုင်ခွင့် မရှိခြင်းနှင့် ယင်းသို့အကောင်အထည် ဖော်ရာ၌ အခက်အခဲ တချို့ရှိနေကြောင်း ဒေါက်တာ မင်းနွယ်စိုး ကလည်း ပြောသည်။
မွန်နှင့် ကရင်ပြည်နယ်တို့၌ လက်ရှိ ထုတ်ဝေနေသော ဂျာနယ်များမှာ လစဉ်ထုတ် သံလွင်တိုင်းမ် ဂျာနယ် (မြန်မာ၊ မွန်)၊ နှစ် ပတ် တခါထုတ် ဂျာနယ် သနောင်းတိုင်း (မွန်၊ မြန်မာ) နှင့် ကရင် သတင်းစဉ် (မြန်မာ၊ ကရင်) စသည့် ဂျာနယ် သုံးစောင် ထက်မနည်း ရှိနေပြီး ယခုလို မြန်မာ့အလင်း သတင်းစာ အချပ်ပို ကိစ္စနှင့် စပ်လျဉ်း၍ သတင်းရေးသား တင်ဆက်မှုအပေါ် မူတည်ပြီး ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက ပြောဆိုသည်။
မွန်ပြည်နယ် အခြေစိုက် သံလွင်တိုင်းမ် ဂျာနယ် အုပ်ချုပ်မှု အယ်ဒီတာ ကိုမင်းမင်းနွယ်က“ဈေးနှုန်းအနေနဲ့က တဗန်း ရှုံးပြီး သားပဲ။ အခု ကိုယ်ပွားသတင်းစာက တမျက်နှာတည်း အတွက်ရယ်၊ ဘာသာပြန် သတင်းပဲ ထည့်ရတာက အဲဒါသူတို့က ပေး တာ မဟုတ်ဘူး။ သူ့ဟာသူလုပ်တာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ နောက်တပိုင်းက သတင်းရဲ့ လတ်ဆတ်မှု အပေါ် မူတည်ပြီး အခြားသော ဌာနေ ဂျာနယ်တွေကို ရိုက်ခတ်မှုရော၊ ယှဉ်ပြိုင်မှုပါ ရှိလာနိုင်ပါမယ်။ အကယ်၍ အဲဒီ သတင်းစာက တဖက်သတ် ပေါ်လစီ သတင်းတွေ မရေးဘဲ ဘက်လိုက်မှု မရှိဘူး ဆိုရင်ပေါ့။ တဖက်သတ် ပေါ်လစီသတင်းတွေ ရေးသား ဖော်ပြနေသရွေ့တော့ ဘာမှ ရိုက်ခတ်မှုရှိမှာ မဟုတ်ဘူး”ဟု ဧရာဝတီကို ပြောသည်။
မော်လမြိုင် မြို့ပေါ်တွင် တိုင်းရင်းသားဘာသာ တိုးချဲ့အစီအစဉ်နှင့် ပတ်သက်ပြီး ဈေးကွက်ဝယ်လိုအား ရိုက်ခတ်လာနိုင်ရန် အလားအလာ မရှိသော်လည်း ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာ့အလင်း သတင်းစာ ဝယ်လိုအား မြင့်တက်လာရန် ရှိသည်ဟု သိရသည်။
ဘားအံမြို့မှ သတင်းစာ၊ ဂျာနယ် အရောင်းကိုယ်စားလှယ် တဦးဖြစ်သူ ကိုအေးထူးက “ဘားအံမှာ ဒီသတင်းစာ အစောင်ရေ ထပ်တက်လာဖို့ ရှိတယ်။ အခုတောင် မနက်ဖြန်အတွက် မှာတဲ့လူတွေ ရှိနေတယ်။ ဖြစ်ပုံက တပတ်မှ တခါ တမျက်နှာပဲ ပါမယ်ဆိုတော့ မပြောတတ်ဘူး။ နောက်ပိုင်းတော့ ရက်တိုင်း ပါလာရင် စောင်ရေ ပိုလာနိုင်တယ်”ဟု ဧရာဝတီကို ပြောသည်။
တိုင်းရင်းသား ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ မပျောက်မပျက် ထိန်းသိမ်း စောင့်ရှောက်နိုင် ရေး နှင့် လူမှုကွန်ရက် မီဒီယာကဏ္ဍ၊ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ခိုင်မာတိကျ မှန်ကန်သော သတင်းကို မိမိတို့ ဒေသခံပြည်သူများ လူသားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးရေးအတွက် ဗဟုသုတ၊ ရသစုံလင်စွာ ဖတ်ရှုလေ့လာနိုင်ရန် အတွက် အထက်ပါ ဘာသာစာပေ ၄ မျိုး ပါဝင်သော သတင်းစာကို စီစဉ်ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ရေးသားဖော်ပြထားသည်။
http://burma.irrawaddy.org/news/2014/07/31/62621.html

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်