လက်ထောက်သံအမတ်ကြီး ဦးတင်မောင်နိုင် အာဏာလုစစ်ကောင်စီအတွက် ကိုယ်စားမပြုပေးနိုင်

ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြစ် တရားမ၀င်သော အာဏာလုစစ်ကောင်စီအား ကိုယ်စားပြုပေးရမည့် ရာထူးတာ၀န်ကိုစွန်လွှတ်လိုက်ပြီး ကြေညာခဲ့ကြောင်း သိရသည်။

ယနေ့တွင် မြန်မာပြည်သူများမှ ရွေးကောက်တင်မြှောက်ထားသည့် သမ္မတကြီး ဦးဝင်မြင့်ဦးဆောင်သော တရားဝင်ပြည်ထောင်စုအစိုးရမှ ခန့်အပ်တာဝန်ပေးထားသည့် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ခန့်အပ်တာဝန်ပေးထားသည့် ရာထူးတာဝန်အား အာဏာလုစစ်တပ်မှ လက်ထောက်သံအမတ်ကြီး ဦးတင်မောင်နိုင်နဲ့ အစားထိုးရန် ကုလသမဂ္ဂအား တရားဝင်အကြောင်းကြားခဲ့သည်။

ထို့ကြောင့် ဦးတင်မောင်နိုင်မှ အာဏာသိမ်းစစ်တပ်၏ တရားမဝင်သောစစ်ကောင်စီအား ကိုယ်စားပြုရမည့် ရာထူးတာဝန်အား စွန့်လွှတ်လိုက်ခြင်းဖြစ်ပြီး ဦးတင်မောင်နိုင်မှ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား တောင်းပန်ခဲ့ကြောင်း သိရသည်။

လက်ရှိမှာ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအား တရားဝင်ကိုယ်စားပြုသူ ပြည်ထောင်စုအစိုးရကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ တရားဝင်ရာထူးနေရာအား ဆက်ခံသွားရန်ရှိနေသည်။

 

အာဏာလုစစ်တပ် အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် သေဆုံးမှုများရှိနေဆဲ

 ငြိမ်းချမ်းစွာဆန္ဒပြနေသောပြည်သူများအား အာဏာလုစစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် သေဆုံးမှုများရှိနေဆဲဖြစ်ကြောင်းသိရှိရသည်။

ယနေ့ဖေဖော်၀ါရီလ ၃ရက်နေ့ ညနေ၄နာရီအထိ ရရှိထားသောစာရင်းများအရ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပမြို့နယ်မှ ၁ဦး၊ မန္တလေးမှ ၂ဦး၊ မုံရွာမှ ၅ဦး၊ မြင်းခြံမှ ၁ဦးနှင့် မကွေး(စလင်း)မှ ၁ဦး သေဆုံးခဲ့ပြီး အချို့နေရာများတွင်လည်း အရေးပေါ်အခြေအနေဖြင့် ဆေးကုသမှုခံနေရသူများလည်း ရှိသေးကြောင်းသိရသည်။

CRPH မှ ခေတ္တ ပြည်ထောင်စု၀န်ကြီးများ ခန့်အပ်

၂၀၂၁ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကြေညာချက်အမှတ် (၁၁/၂၀၂၁) ကို ထုတ်ပြန်ကြေညာ၍ ခေတ္တ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကြေညာချက်အပြည့်အစုံမှာ ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်သော သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းဖြင့်ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး များသည် တာဝန်များကို ထမ်းဆောင်နိုင်ရန် အခြေအနေ မရှိသောကြောင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန် များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၏ကိုယ်စား ဆောင်ရွက်ရန်အလို့ငှာ အောက်ဖော်ပြပါ ပုဂ္ဂိုလ် များအား ယှဉ်တွဲပါဝန်ကြီးဌာန အသီးသီးတွင် ခေတ္တပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်။ 

 

(၁) ဒေါ်ဇင်မာအောင် နိုင်ငံခြားရေးဝန်ကြီးဌာန
(၂) ဦးလွင်ကိုလတ် သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
(၃) ဦးတင်ထွန်းနိုင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန
ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး
ဝန်ကြီးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(၄) ဒေါက်တာဇော်ဝေစိုး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
ပညာရေးဝန်ကြီးဌာန
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန် အတွက် သင့်လျော်သည့် ပုဂ္ဂိုလ်များအား လိုအပ်သလို ဆက်လက် တာဝန်ပေးအပ်သွားမည် ဖြစ်သည်ဟု ဖော်ပြပါရှိပါသည်။ 



COVID-19 ဖြစ်ပွားမှု အာဆီယံ၌ မြန်မာနိုင်ငံ အဆင့် (၄) နေရာတွင်ရှိနေ

 မြန်မာနိုင်ငံသည် COVID-19 ဖြစ်ပွားမှုသည် အာဆီယံနိုင်ငံများ၌ အဆင့် (၄) နေရာတွင် ရှိနေကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းများအရသိရသည်။

ဖေဖော်၀ါရီလအကုန်ထိ အင်ဒိုနီးရှားနိုင်ငံတွင် ၁၃၃၀၀၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံတွင် ၅၇၆၀၀၀ ကျော်၊ မလေးရှားနိုင်ငံ၌ ၃၀၀၀၀၀ ကျော်၊ မြန်မာနိုင်ငံတွင် ၁၄၀၀၀၀ ကျော်၊ စင်ကာပူနိုင်ငံတွင် ၅၉၀၀၀ ကျော်၊ ထိုင်းနိုင်ငံတွင် ၂၅၀၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံတွင် ၂၄၀၀ ကျော်၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၈၀၀ ကျော်၊ ဘရူနိုင်းနိုင်ငံတွင် ၁၈၀ ကျော်၊ လာအိုနိုင်ငံတွင် ၄၅ ဦးရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် COVID-19 ရောဂါကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ပြန်သည့် အပတ်စဉ်စာရင်းဇယားတွင် ဖော်ပြထားချက်အရ သိရသည်။

အရှေ့တောင်အာရှတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း ဒုတိယအမြင့်ဆုံးဖြစ်သည့် ဖိလစ်ပိုင်တွင် မနီလာနှင့် ပြည်နယ်အများအပြားကို ကာလကြာရှည်တင်းကျပ်သော Lock down များ ချမှတ်ထားသည့်အတွက် စီးပွားရေးထိခိုက်နစ်နာနေသည်။

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ် စတင်ခဲ့ပြီး ကာကွယ်ဆေး ဦးစားပေး ထိုးနှံပေးမည့်စာရင်းတွင်ပါဝင်သော ဝန်ကြီးများ၊ ကျန်းမာရေးအရာရှိများနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ 

 COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအနှံ့တွင် ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု ကျဆင်းလာပြီး ရောဂါဖြစ်ပွားသူ ၁၁၁ သန်းကျော်နှင့် သေဆုံးသူ ၂၄ သိန်း ကျော်ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်အရ သိရသည်။

 

 

 


Rescuse Task Force မှ နေခြည်ဦး၏ အလှူငွေအား လက်မခံ

 ဆန္ဒပြသည့်ပြည်သူများအား ကာကွယ်ပေးလျက်ရှိနေသော Rescue Task Force အဖွဲ့သို့ လှူဒါန်းခဲ့သော သရုပ်ဆောင်နေခြည်ဦး၏ အလှူငွေလှူဒါန်းမှုကို လက်မခံဘဲ ပြန်လွှဲပေးခဲ့ကြောင်း ယင်းအဖွဲ့၏ ဖေ့စ်ဘွတ်ခ် ၌ ကြေညာချက်အရ သိရှိရသည်။

ယူနီဖောင်းများနှင့် အကာအကွယ်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် Rescue Task Force အဖွဲ့သို့ သရုပ်ဆောင် နေခြည်ဦးက အလှူငွေငါးသိန်း လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သူမသည် စစ်တပ်အသိုင်းအဝိုင်း နှင့် ဆက်စပ်နေသူတစ်ဦးဖြစ်၍ Social Punishment ပြုလုပ်သည့်အနေဖြင့် သရုပ်ဆောင်နေခြည်ဦး၏ အလှူငွေကို လက်မခံသင့်ကြောင်း ထောက်ပြဝေဖန်မှုများရှိသဖြင့် သူမ၏ အလှူငွေကို ပြန်လည်လွှဲပေးခဲ့ကြောင်း ယင်းအဖွဲ့မှ မှတ်ချက်များ ပြန်လည်ရေးသားထားသည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ရေးသားထားသောပို့စ်ကို မတ်လ ၁ ရက် ညနေ ၅ နာရီကျော်တွင် Rescue Task Force အဖွဲ့၏ ဖေ့စ်ဘွတ်ခ်မှ ပြန်ဖျက်သွားခဲ့ကြောင့် တွေ့ရှိရသည်။

သရုပ်ဆောင် နေခြည်ဦး မိသားစုပိုင် စိမ်းလဲ့တင်နှင့် နေခြည်ဦး၏ Beautybynaychi လုပ်ငန်းများသည် စစ်တပ်ပိုင် လုပ်ငန်းများတွင် ပါဝင်ကြောင်း UN က ထုတ်ပြန်ထားသည်။ 

စင်ကာပူတွင် အလုပ်ရှင်၏ ယောက္ခမကို ပိုးသတ်ဆေးထည့်တိုက်သည့် မြန်မာအိမ်အကူအမျိုးသမီး ထောင်ငါးလကျ

အလုပ်ရှင်၏ ယောက္ခမကို ပိုးသတ်ဆေးထည့်တိုက်ကြောင်းဝန်ခံခဲ့သည့် စင်ကာပူရောက် မြန်မာအိမ်အကူ အမျိုးသမီးတစ်ဦးကို စင်ကာပူတရားရုံးက ထောင်ဒဏ်ငါးလချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အသက် (၂၄)နှစ်အရွယ်ရှိ မြသက်ဝေက ၎င်းသည် (၆၅)နှစ်အရွယ် တိုဟ်ဆူကော့ခ်၏ နံနက်စာထဲတွင် ဒက်တောပိုးသတ်ဆေး ထည့်ခတ်ခဲ့ကြောင်းနှင့် ထိုလုပ် ရပ်က တိုဟ်ကို ထိခိုက်စေမည်မှန်း သဘောပေါက်ကြောင်း တရားရုံး ၌ ဝန်ခံထွက်ဆိုခဲ့သည်။ ဩဂုတ်၁၄ ရက်တွင် စင်ကာပူ ခရိုင်တရား ရုံးတစ်ခုက အမှုအတွက် အပြီးသတ်စီရင်ချက်အဖြစ် မြသက်ဝေကို ထောင်ဒဏ်ချမှတ်ခဲ့သည်။

တိုဟ်သည် မြန်မာအိမ်အကူ အမျိုးသမီးအပေါ် မကြာခဏ ဆူ ပူကြိမ်းမောင်းလေ့ရှိ၍ မြသက်ဝေအနေဖြင့် အလုပ်တွင် မပျော်မရွှင်ဖြစ်ခဲ့ကြောင်း ဆိုသည်။ ထို့နောက်ယခုနှစ် ဧပြီ ၆ ရက်တွင် မြသက်ဝေက တိုဟ်စားသောက်မည့် ကွေကာအုတ်ကဲ့သို့ နံနက်စာထဲ၌ ပိုးသတ်ဆေးအချို့ကို ရည်ရွယ်ချက်ရှိရှိ ထည့်ထားခဲ့သည်။ မြသက်ဝေသည် ယခုနှစ် ဇန်န၀ါရီ၁၀ ရက်ကတည်းက တမ်ပိုင်းရှိနေအိမ်တစ်ခုတွင် အလုပ်လုပ် နေခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် တိုဟ်သည် မီးဖိုထဲ၌ မိမိအတွက် ကွေကာအုတ် ကို ဖျော်ထားပြီး (၇)လအရွယ် မြေးကို နို့ဘူးတိုက်ရန် ပြင်ဆင်ခဲ့သည်။ ထိုအချိန်တွင် မြသက်ဝေ က ကွေကာအုတ်ခွက် အဖုံးကိုဖွင့်ကာ ဒက်တောအရည်အချို့ လောင်းထည့်ထားခဲ့သည်။

တိုဟ်သည် မီးဖိုထဲ ပြန်ဝင်လာကာ ပေါင်မုန့်အချို့ စားပြီး နောက် ကွေကာအုတ်ကို သောက်မိသည့်အခါ မသင်္ကာစရာ အနံ့ ကြောင့် ချက်ချင်းထွေးထုတ်ပြီး ပလုတ်ကျင်းခဲ့သည်။ ထို့နောက် ချွေးမဖြစ်သူထံ ဖုန်းဆက်ကာ တစ်စုံတစ်ဦးက ၎င်း၏ အစားအသောက်ထဲတွင် မသင်္ကာစရာ ပစ္စည်းတစ်ခုခုကို ထည့်ထား ကြောင်း တိုင်ကြားခဲ့သည်။ တိုဟ် က အိမ်အကူအမျိုးသမီးကို စွပ်စွဲသော်လည်း မြသက်ဝေက ငြင်း ဆန်ခဲ့သည်။

မြသက်ဝေ၏ အလုပ်ရှင် လည်းဖြစ်သည့် တိုဟ်၏ ချွေးမပြန်ရောက်လာချိန်တွင် ရဲများထံတိုင်ကြားခဲ့ပြီး စုံစမ်းစစ်ဆေး သည့်အခါ၌ အိမ်အကူအမျိုးသမီး က လုပ်ရပ်ကိုဝန်ခံခဲ့သည်။ တိုဟ်၏ ကျန်းမာရေးအထိအခိုက်မရှိခဲ့ပေ။

တရားရုံး စစ်ဆေးမှု၌ မြသက်ဝေက တိုဟ်သည် မိမိကို နေ့စဉ်နေ့တိုင်း ဆူပူရန်လုပ်နေပြီး ထိုအခြေအနေကို ဆက်လက် သည်းခံနိုင်စွမ်းမရှိတော့ကြောင်း ထွက်ဆိုခဲ့သည်။ မိမိ၏ လုပ်ရပ်ကြောင့် အလုပ်ရှင်က စိတ်ပျက်ကာ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု မျှော်လင့်ခဲ့ကြောင်း၊ ယခုအချိန်တွင် မိမိ၏အမှားကို နားလည်ပြီးနောင်တရမိကြောင်း တရားသူ ကြီးအား ပြောကြားခဲ့သည်။

အကယ်၍ တိုဟ်၏ အသက်အန္တရာယ်သာ ထိခိုက်မိခဲ့ပါကမြသက်ဝေ ကျခံရမည့် ပြစ်ဒဏ် သည် ထောင်ဒဏ် (၁၀)နှစ်မျှထိ ကြီးလေးသွားနိုင်ကြောင်း သိရှိရ သည်။

7 Day Daily