လူထုစုဝေး ဆူပူမှုဖြစ်စေခဲ့သော လူကြီးမင်းဖုန်းအရောင်းဆိုင် ၇ဆိုင်လုံးအား သက်ဆိုင်ရာမှ တရားဥပဒေနှင့်အညီ အရေးယူမည်


ရန်ကုန်မြို့အတွင်းတွင် နိုဝင်ဘာလ ၁၁ရက်နေ့မှ မနက်၈နာရီခွဲမှ စတင်ပြီး ဖြစ်ပေါ်ခဲ့သော လူထုစုဝေးမှုနှင့် လူထုကို ဒေါသဖြစ်စေခဲ့ပြီး ဆူပူမှု ဖြစ်ပေါ်စေခဲ့သော လူကြီးမင်းအရောင်းဆိုင် ၇ဆိုင်လုံးမှ တာဝန်ရှိသူများကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လသာမြို့နယ် ရဲတပ်ဖွဲ့မှူးမှ အချင်းဖြစ်ပွားရာနေရာတွင် ပြည်သူလူထုကို တရားဝင် ကြေညာခဲ့သည်။
“ကျေးဇူးပြုပြီး အခုတော့ လူစုခွဲပေးကြပါ၊ လူထုစုဝေးမှုနှင့် ဆူပူမှု ဖြစ်ပွားခဲ့တဲ့ လူကြီးမင်း ဖုန်းအရောင်းဆိုင် ၇ဆိုင်လုံးကို ကျွန်တော်တို့ တစ်ပြေးညီ အရေးယူ ဆောင်ရွက်ပေးသွားမှာပါ။ တစ်ဆိုင်ကို အရေးယူပြီး တစ်ဆိုင်ကို အရေးမယူဘူးဆိုတဲ့ မျှတမှု မရှိတာမျိုး မဟုတ်ဘဲ ဖြစ်ပွားခဲ့တဲ့ ၇ဆိုင်လုံးကို အရေးယူဆောင်ရွက်သွားမှာပါ။” ဟု နေ့လည် ၁နာရီအချိန်ခန့်တွင် လသာမြို့နယ် ရဲတပ်ဖွဲ့မှူးက အချင်းဖြစ်ပွားရာ လသာလမ်းအတွင်းရှိ လူကြီးမင်းပင်မအရောင်းဆိုင်ရှေ့တွင် လူထုကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းပြောကြားချက်အပေါ် လသာမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ဘေးတွင်ရပ်နေသော ကမ္ဘာ့ရွာကလေး ၀က်ဘက်ဆိုက်ဒ်မှ မည်သည့် ပုဒ်မဖြင့် မည်သို့အရေးယူမှာလဲနှင့် အမှန်တကယ် အရေးယူ ဆောင်ရွက်ခြင်းပြုမည်ကို နစ်နာသူ ပြည်သူက သိရှိနိုင်အောင် တရားဝင် ကြေညာပေးမှာလားဟု မေးမြန်းချက်အပေါ် “ပုဒ်မကိုတော့ ကျွန်တော်တို့ ပြောပြလို့ မရပါဘူး၊ အထက်ကို အရေးတင်ထားပြီးပါပြီ၊ အထက်က အမိန့်ကျရင် အရေးယူ ဆောင်ရွက်ပေးမှာပါ၊ လူကြီးမင်းအရောင်းဆိုင်က အခုဝေခဲ့တဲ့ တိုကင်အချို့ရဲ့ ပေါက်မဲတွေကို သတင်းစာကနေ ၇ရက်အတွင်း ကြေညာပေးမှာပါ၊ တောင်းပန်မှုကိုလည်း ကြေညာပေးမယ်လို့ ပြောထားပါတယ်” ဟု ဖြေကြားခဲ့သည်။

 
လူကြီးမင်း ဖုန်းအရောင်းဆိုင် ၁၁ဆိုင်တွင် နိုဝင်ဘာလ ၃ရက်နေ့၊ မနက်၈နာရီခွဲမှ ၉နာရီအတွင်း စင်ကာပူဟန်းဆက်ဖြစ်ကြောင်း အာမခံထားသည့် Samsaung Galaxy Mini ဟန်းဆက် အလုံး၁၀၀ကို မဲဖောက်ပြီး ငါးထောင်ဖြင့် ရောင်းချ ပေးသွားမည်ဟု နိုင်ငံပိုင် မီဒီယာများနှင့် ပုဂ္ဂလိက မီဒီများတွင်ပါ ကြေညာခဲ့ပြီး အမှန်တကယ်တွင်မူ ပင်မဆိုင်အပါအ၀င် ဆိုင်ခွဲ ၁၁ခုလုံးတွင် ရောင်းချပေးနိုင်ခြင်း မရှိခဲ့ဘဲ လူထုကို ဒေါသထွက် ဆူပူသောင်းကျမ်းမှုကိုသာ ဖြစ်ပေါ်စေခဲ့သည်။
လူကြီးမင်းဖုန်းအရောင်းဆိုင် ၁၁ခုရှိသည့်အနက် ထိုကဲ့သို့ ဆူပူမှုဖြစ်ပွားခဲ့သော ဆိုင်မှာ လသာရှိ ပင်မအရောင်းဆိုင် အပါအ၀င် ဆိုင်ခွဲ၇ခုလုံးတွင် ဖြစ်ပေါ်ခဲ့ကြောင်း လသာမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ပြောပြချက်အရ သိရသည်။

သတင်းထောက်ကေ

1 မှတ်ချက်များ:

Yan Naing Htun said...

အလကားဆိုင်!