ပရိသတ်များ ရင်ခုန်မျှော်လင့်နေတဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်များ ထွက်ပေါ်

မန်ယူအသင်းနည်းပြ ဖာဂူဆန်ကတော့ အိုးထရက်ဖို့ထ်ကနေ မော်ရင်ညိုကို ၀ိုင်ခွက်နဲ့ ကြိုဆိုနေမယ်လို့ အရွှန်းဖောက်ခဲ့ပါတယ်

ချန်ပီယံလိဂ်ရဲ့ နောက်ဆုံး ၁၆ သင်း ရှုံးထွက်ပွဲစဉ်တွေအတွက် ပွဲစဉ်တွေ ကြာသပတေး ညမှာ မဲနှိုက်ထွက်ပေါ်လာခဲ့ပါပြီ။ ပရိသတ်တွေကို ရင်ခုန်မှုတွေ အမြဲပေးနေတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေဟာ ရီးယဲလ်မက်ဒရစ်နဲ့ မန်ယူအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုနဲ့အတူ အေစီမီလန်နဲ့ ဘာစီလိုနာ၊ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ် စတဲ့အသင်းကြီးတွေ ထိပ်တိုက် တွေ့ဆုံမှုတွေနဲ့ အတူရင်ခုန်မှုတွေ ဆက်လက်ပေးနေဆဲပါ။

နည်းပြ မော်ရင်ညိုနဲ့ ဖာဂူဆန်တို့ရဲ့ တကျော့ပြန် ထိပ်တိုက်ရင်ဆိုင်မှုနဲ့အတူ စကားလုံးထိုးစစ်တွေကိုလည်း ပွဲမတိုင်ခင် ကြိုမြင်ရဖို့ရှိပြီး ပေါင် သန်း ၈၀ နဲ့ ရီးယဲလ်မက်ဒရစ် အသင်းကို ဇွန်လ ၂၀၀၉ မှာ ပြောင်းသွားတဲ့ စီရော်နယ်ဒိုရဲ့ အသင်းဟောင်း အိုးထရက်ဖို့ထ်ကွင်းသို့ ပထမဆုံး ပြန်လည်ခြေချမယ့်ပွဲစဉ်လည်း ဖြစ်လာပါတယ်။

ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရဖူးတဲ့ ဘာစီလိုနာအသင်းကလည်း ချန်ပီယံလိဂ်မှာ ရီးယဲလ်ပြီးရင် အအောင်မြင်ဆုံးအဖြစ် ၇ ကြိမ် ဖလားရဖူးတဲ့ အေစီမီလန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တခြား စပိန်ကလပ်အသင်းဖြစ်တဲ့ ဗလင်စီယာကတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဂျာမန်လိဂ်ချန်ပီယံ ဘရုရှားဒေါ့မွန် အသင်းကတော့ ရှက်တာဒိုးနက်စ် အသင်းနဲ့ ကစားရမှာဖြစ်ပြီး ပွဲစဉ်ချောင်တယ်လို့ ဆိုရပါမယ်။ ပေါ်တူဂီကလပ် ပေါ်တိုက စပိန်ကလပ် မာလာဂါနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဂလက်တာဆာရေးအသင်းက ဂျာမန်ကလပ် ရှော်ကေးနဲ့ တွေ့မှာဖြစ်ပါတယ်။

၂၀၀၂ -၂၀၀၃ ခုနစ်တုန်းက ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်မှာ နောက်ဆုံးအဖြစ် တွေ့ဆုံခဲ့တဲ့ ရီးယဲလ်နဲ့ မန်ယူအသင်းတို့ဟာ ၁၀ နှစ်အကြာမှာ ပြန်လည် ရင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ ၂၀၀၂-၂၀၀၃ တုန်းကတော့ ရီးယဲလ် အသင်းရဲ့ အောင်မြင်မှုကာလလို့ ဆိုရအောင် ဖီဂို၊ ဇီဒန်း၊ ရော်နယ်ဒိုတို့ရဲ့ အစွမ်းပြမှုနဲ့ နှစ်ကျော့ပေါင်း ၆-၅ နဲ့ မန်ယူအသင်းကို အနိုင်ရရှိခဲ့ပါတယ်။

ပထမအကျော့မှာ ရီးယဲလ်အသင်းဟာ ၃-၁ နဲ့ အနိုင်ရခဲ့ပြီး၊ ဒုတိယအကျော့ အိုးထရက်ဖို့ထ်မှာ ကစားတဲ့ ပွဲစဉ်မှာ မန်ယူအသင်းကရီးယဲလ် အသင်းကို ၄-၃ နဲ့ အနိုင်ရခဲ့ပေမယ့် ၁ ဂိုးကွာခြားချက်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲစဉ်ဟာ ချန်ပီယံလိဂ် သမိုင်းတလျှောက် ရင်ခုန်စရာအကောင်းဆုံး ပွဲစဉ် ၅၀ စာရင်းထဲ ၀င်ခဲ့ပြီး ဘောလုံးကြယ်ပွင့် တော်တော်များများ သူတင်ကိုယ်တင် ခြေစွမ်းပြခဲ့တဲ့ပွဲ ဖြစ်ပါတယ်။

မန်ယူအသင်းနည်းပြ ဖာဂူဆန်ကတော့ အိုးထရက်ဖို့ထ်ကနေ မော်ရင်ညိုကို ၀ိုင်ခွက်နဲ့ ကြိုဆိုနေမယ်လို့ အရွှန်းဖောက်ခဲ့သလို ပွဲချိန်နီးလာတဲ့အချိန်ကျရင် ပရိသတ်တွေ တမျိုးတဖုံ နှစ်ခြိုက်မယ့် စကားရည်လုပွဲကို မြင်ရဖို့ရှိပါတယ်။


ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၂ နဲ့ ၁၃၊ ၁၉ – ၂၀ တွေမှာ ကျင်းပမှာဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်တွေကိုတော့ မတ်လ ၅ – ၆၊ ၁၂-၁၃ ရက်တွေမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲစဉ်များ

ဂလက်တာဆာရေး – ရှော်ကေး
ဆဲလ်တစ် – ဂျုဗင်တပ်စ်
အာဆင်နယ် – ဘိုင်ယန်မြူးနစ်
ရှက်တာဒိုးနက်စ် – ဘရုရှားဒေါ့မွန်
အေစီမီလန် – ဘာစီလိုနာ
ရီးယဲလ်မက်ဒရစ် – မန်ချက်စတာယူနိုက်တက်
ဗလင်စီယာ – ပဲရစ် စိန့် ဂျာမိန်း
ပေါ်တို – မာလာဂါ

http://burma.irrawaddy.org/archives/28682

0 မှတ်ချက်များ: