ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ မဖြစ်မနေရွှေ့ပြောင်းပေးရမည်ဟု ရန်ကုန်စည်ပင်အခွန်ဌာနမှ ဌာနမှူးဦးကျော်မင်းက ပြောသည်။
၎င်းက ''သူတို့မြေမှ မဟုတ်တာ။ ပြောင်းကိုပြောင်းရမှာ။ ဘယ်သူ တစ်ဦး တစ်ယောက်အကျိုးမှ မဟုတ်ဘူး။ နိုင်ငံ့အကျိုးအတွက်လုပ်တာ၊ သွားချင် ရာသွားလို့ပြောတာ မဟုတ်ဘူး'' ဟု ဆိုသည်။
ရန်ကုန်စည်ပင်မှ ဟံသာဝတီယာဉ် ရောင်းဝယ်ရေးစခန်းအား သီရိ မင်္ဂလာ ဈေးဟောင်းသို့ ယခုလ ၂၈ ရက်နေ့ နောက်ဆုံး ပြောင်းရွှေ့ခိုင်း ထားခြင်း ဖြစ်သည်။
ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းအား အဆင့်မြင့်ကား ပလာဇာအဖြစ် တည်ဆောက်ရာ၌တစ်ခြမ်းစီခွဲ၍ ရောင်းဝယ်ရေးသမားများ အလုပ်အကိုင် မပျက်ဆောင်ရွက် သွားမည်ဟု ၂ဝ၁၂ခုနှစ် မေလ၌ ရန်ကုန်စည်ပင်မှ အတွင်းရေးမှူး ဦးကျော်စိုးပြောကြားခဲ့မှုမှာ ညှိနှိုင်းခြင်းသာဖြစ်ပြီး ကတိပေး မှု မဟုတ်ကြောင်း အခွန်ဌာနမှ ဒုဌာနမှူး ဦးမင်းလွင်က ပြောသည်။

''အရင်တုန်းက သူတို့ကိုပြောထားတုန်းက ကားအစီးရေ နည်းနည်းပဲ ရှိတယ်။ အခု ရွှေ့ခိုင်းတယ်ဆိုတာက ဒီမှာ စီမံကိန်းလုပ်တဲ့အခါကျရင် စက် တွေပါလာမှာဆိုတော့ ထိခိုက်မိတာ တွေရှိမှာ စိုးတာရယ် နောက်ပြီး အခုကားတွေက များလာတော့ ကားအက်စီးဒင့် တွေ ဖြစ်မှာစိုးလို့ပါ''ဟု ၄င်းက ဆက် လက်ပြောသည်။
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းအား အဆင့်မြင့်တည်ဆောက်မှုကို ယခုအစိုးရလက်ထက် မကုန်မီအပြီး တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန် စည်ပင်မှ သိရသည်။
ဟံသာဝတီ ယာဉ်ရောင်းဝယ် ရေးစခန်းရှိမပြောင်းရွှေ့ရေး ကော်မတီမှ ဥက္ကဋ္ဌဦးမင်းကိုမြင့်က''မရွှေ့ ပြောင်းပါဘူး။ လုံးဝမရွှေ့ပြောင်းပါဘူး။ အတင်းအဓမ္မသော့ခတ်တာ တို့၊ ပိတ်ဆို့တာတို့ လုပ်လာရင် ယာဉ်ရောင်း ဝယ်ရေး စခန်းကြီးကို သပိတ်စခန်းလုပ်ပြီးတော့ အစီအမံတွေ ဆက် လက် ဆောင်ရွက်သွားမှာ ပါ''ဟု ပြောသည်။
ယာဉ်ရောင်းဝယ်ရေး စခန်းမပြောင်းရွှေ့ရရေးအတွက် ဆန္ဒထုတ်ဖော်မှုကို ယခုလ ၂ဝရက်နှင့် ၂၆ရက် နေ့တို့တွင် ပြုလုပ်ခဲ့ပြီး ဆက်လက် ဆန္ဒ ထုတ်ဖော်သွားရန် ရှိကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးကော်မတီမှသိရသည်။
''ဆက်တိုက်ပြမှာပါ။ ဦးတို့ ရည်မှန်းချက်မရမချင်းဆန္ဒတွေ ဆက် တိုက် ဖော်ထုတ်သွားမှာပါ''ဟု ဦး မင်းကိုမြင့်ကဆက်လက်ပြောသည်။
ယင်းအပြင် ၄င်းတို့ကော်မတီမှ မပြောင်းရွှေ့ရရေးအတွက် နိုင်ငံတော် သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ထံ အသနားခံစာ တင်ပြထားကြောင်း သိရသည်။ ယခုလ ၂ဝ ရက်နေ့၌ ဆန္ဒထုတ်ဖော်ရာတွင် လူအင်အား တစ်ထောင်ကျော်ပါဝင်ခဲ့ပြီး ဟံသာဝတီကားရောင်းဝယ်ရေး စခန်းဝင်းအတွင်း၌ ပြသခဲ့ခြင်းဖြစ် ကြောင်း၊ ၂၆ ရက်နေ့တွင်မူ လူအင်အား သုံးထောင်ကျော်ပါဝင်ခဲ့ပြီး ဗဟိုလမ်း၊ ရှင်စောပုထောင့် ပြည်လမ်းမီးပွိုင့်၊ လွှတ်တော်နောက်လမ်းတွင် နှစ်ကြိမ် လမ်းလျှောက် ဆန္ဒပြ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် မှတ်ပုံတင်ဆိုင်ခန်း ၁ဝဝ ကျော်နှင့် တစ်နှစ်တစ်ကြိမ် စာချုပ်ဖြင့်အငှားချထားသော လုပ်ငန်း ၂ဝကျော်ရှိကြောင်း၊ စီမံကိန်း တည်ဆောက်ပြီးပါက မှတ်ပုံတင် ဆိုင်ခန်းများ ကို ပြန်လည်နေရာချ ထားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။
ဝေမာထွန်း၊ ရန်နိုင်
Popular Myanmar news Journal

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်