တစ်သက်တာ ရုပ်ရှင်ဆုရှင် ဒါရိုက်တာဦးတင်ယု အသက် ၉၂ နှစ်တွင် ရန်ကုန်မြို့ပုလဲကွန်ဒိုရှိ နေအိမ်တွင် ကွယ်လွန်

တစ်သက်တာရုပ်ရှင်ဆုကို ရရှိထားသူတစ်ဦးဖြစ်သည့် ဒါရိုက်တာဦးတင်ယု အသက် ၉၂ နှစ်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၈ နာရီတွင် ရန်ကုန်မြို့ ပုလဲကွန်ဒိုရှိ နေအိမ်၌ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဒါရိုက်တာ ဦးတင်ယုသည် အသက် ၂၁ နှစ်အရွယ် ၁၉၄၁ ခုနှစ်တွင် 'ရွှေဒေါင်းတောင်' ဇာတ်ကားကို ဒါရိုက်တာတစ်ဦးအဖြစ် စတင်ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး တစ်ခေတ်တစ်ခါက အသက်အငယ်ဆုံး ဒါရိုက်တာဖြစ်လာသူတစ်ဦးအဖြစ် မှတ်တမ်းတင်ခံထားရသူတစ်ဦး ဖြစ်သည်။

ဒါရိုက်တာ ဦးတင်ယုကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဖခင်ဂျေ-ဦးမောင်စိန်၊ အမိဒေါ်မြခင်တို့မှ မွေးဖွားခဲ့ပြီး အသက် ၁၈နှစ်အရွယ်တွင် မြန်မာအဆွေကုမ္ပဏီ(ယခုအေ၀မ်းရုပ်ရှင်)မှ ဦးလေးဖြစ်သူ ဒါရိုက်တာ မင်းသားကြီး ဦးတင်မောင် ရိုက်ကူးသည့် 'မြားနတ်မောင်' ဇာတ်ကားတွင် မှတ်တမ်းတင်သူအဖြစ်မှ စတင်ကာ ရုပ်ရှင်လုပ်ငန်းကို လုပ်ကိုင်ခဲ့သူဖြစ်သည်။

ဦးတင်ယုသည် ၁၉၄၁ ခုနှစ်တွင် 'ရွှေဒေါင်းတောင်' ဇာတ်ကားမှ စတင်ကာ ဒါရိုက်တာအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး အသက် ၉၂ နှစ်အချိန်ထိ ဇာတ်ကားပေါင်း ၆၀ ကျော် ရိုက်ကူးခဲ့သည်။ ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သက်၍ ဘုံဘေမြို့၊ ကိုလ်ကတ္တားမြို့၊ စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်နှင့် တိုကျိုမြို့များသို့ သွားရောက်ခဲ့ပါ သည်။

'အလောင်းတော်ရာမ'၊ 'အောင်ခြင်းရှစ်ပါး' နှင့် 'နန်းတွင်းအရေးတော်ပုံ' ဇာတ်ကားများနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သူဖြစ်သည်။ ဂျပန်-မြန်မာ ပူးပေါင်းရိုက်ကူးသော ဂျာနယ် ကျော်မမလေး၏ ၀တ္ထု 'သွေး' ဇာတ်ကားတွင် ဂျပန်ဒါရိုက်တာ မစ္စတာချီနိုနှင့် မြန်မာဘက်မှ ဒါရိုက်တာဦးတင်ယုတို့ ရိုက်ကူးခဲ့ကြပါသည်။ ဒါရိုက်တာ ဦးတင်ယုသည် ၂၀၀၈ ခုနှစ်တွင် ၀ိဇ္ဇာပညာထူးချွန်(ဒုတိယအဆင့်) ရရှိခဲ့ပြီး မြန်မာ့ရုပ်ရှင် ဓာတ်ပုံထူးချွန်ဆုကို မြဇော်ဖလင်မှ 'မေတ္တာရွှေရည်' ဇာတ်ကားဖြင့် ရရှိခဲ့ပါသည်။ ဒါရိုက်တာ ဦးတင်ယုသည် ထင်ရှားသည့် ဇာတ်ကားများစွာ ရိုက်ကူးခဲ့သူဖြစ်ပြီး မောင်တို့ချယ်ရီမြေနှင့် အကျော်အမော် ဇာတ်ကားများမှာ ထင်ရှားသည့်ဇာတ်ကားများဖြစ်သည်။ ဒါရိုက်တာဦးတင်ယု နောက်ဆုံးရိုက်ကူးခဲ့သော ဇာတ်ကားမှာ 'မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍' ဇာတ်ကားဖြစ်ပြီး ယင်းဇာတ်ကားဖြင့် ၂၀၀၅ ခုနှစ်အတွက် သရုပ်ဆောင် အကယ်ဒမီထွန်း အိန္ဒြာဗိုက အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု၊ နိုင်နုရှိန်(ဖထီး)က ရုပ်ရှင်ဓာတ်ပုံဆုတို့ ဆွတ်ခူးရရှိခဲ့ပါသည်။

ဒါရိုက်တာဦးတင်ယုကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုအခမ်းအနားတွင် ရုပ်ရှင် လောကသားများက တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုကို ပေးအပ်ခဲ့ပါသည်။ဒါရိုက်တာဦးတင်ယု၏ အနုပညာ ဖြတ်သန်းမှု သမိုင်းကြောင်းကို ရုပ်ရှင်သမိုင်းပြတိုက်တွင် မှတ်တမ်းထားရှိရန် ဒါရိုက်တာအောင်စိုးဦးက ရိုက် ကူးထားကြောင်း သိရှိရပါသည်။

မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍ ဇာတ်ကားဖြင့် အကယ်ဒမီဆုရရှိခဲ့သူ သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ''တကယ်ထူးချွန်တဲ့ ရုပ်ရှင်ပညာရှင်တစ်ဦးပါ။ မခိုင်ကြီးတို့ မိုးကုတ်စက်ဝိုင်း ဇာတ်ကားရိုက် ကူးစဉ်ကတည်းက အသက်တော့ ကြီးနေပါပြီ။ ထိုင်ခုံမှာပဲထိုင်ပြီး ညွှန်ကြားနိုင်တဲ့ အခြေအနေပေါ့လေ။ မသိမနားလည်လို့ မေးတာမှန်သမျှကို အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ပါတယ်။ဒီလိုထူးချွန်တဲ့ ရုပ်ရှင်ပညာရှင် တစ်ယောက် ကွယ်လွန်သွားတာက ရုပ်ရှင်လောကအတွက် ဆုံးရှုံးမှုတစ်ရပ်ပါပဲ''ဟု ၀မ်းနည်းစကား ပြောကြားခဲ့ပါသည်။

ဒါရိုက်တာဦးတင်ယုသည် ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ် ရှိပြီဖြစ်ပြီး သားသမီးလေးဦး၊ မြေး ၁၂ ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရပါသည်။ ကွယ်လွန်သူအား ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ပို့ဆောင်မီးသဂြိုဟ်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

Ref: Eleven Media Group

0 မှတ်ချက်များ: