မလေးရှားနိုင်ငံမှ နေရပ်ပြန်လိုသော မြန်မာအလုပ်သမားများအား ဦးစားပေးအဆင့် သတ်မှတ်၍ စီစဉ်ဆောင်ရွက်ပေးမည်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ ရောက်ရှိနေသည့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ အနေဖြင့် နေရပ်သို့ ပြန်လိုသော မြန်မာ အလုပ်သမားများအား ဦးစားပေးအဆင့်များ သတ်မှတ်၍ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် MAI လေကြောင်းလိုင်းနှင့် ပူးပေါင်းကာ နေရပ်ပြန်လိုသော မြန်မာအလုပ်သမားများအတွက် လေယာဉ်လက်မှတ်များ အခမဲ့စီစဉ်ပေးသွားမည်ဖြစ်သည်။ ထိုကဲ့သို့ စီစဉ်ပေးရာတွင် နေရပ်ပြန်လိုသည်ဟု စာရင်းပေးသွင်းလာသူများအား အထောက်အထား ပြည့်စုံသူနှင့် မပြည့်စုံသူဟူ၍ ခွဲခြားသတ်မှတ်၍ အထောက်အထားပြည့်စုံသူများ ပြန်လည်စေလွှတ်ရာတွင် အောက်ပါအတိုင်း ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။

(က) သေဆုံးသွားသည့် မိသားစုများ၏ ကျန်ရစ်သူ မိသားစုများ/ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေရသူများ၊
(ခ) ပဋိပက္ခဖြစ်ပွားနေသည့် နေရာအတွင်းမှ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သူများ၊
(ဂ) အော်ပရာစီဝင်ပြီး Camp များတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသူများ၊
(ဃ) အမျိုးသမီးများနှင့် အသက်အရွယ်ကြီးရင့်သူများ၊ ရောဂါဝေဒနာရှိသူများ၊ အတိဒုက္ခရောက်နေသူများ၊
(င) မြန်မာနိုင်ငံသို့ ပြန်လိုသော သူများ၊

စာရင်းများ ကောက်ယူရာတွင် မလေးရှားရှိ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လေယာဉ်လက်မှတ် (၁၀၀၀)အတွက် MAI လေကြောင်းလိုင်းနှင့် ပူးပေါင်းကာ ကူညီပေး သွားမည်ဖြစ်သည်။ နေရပ်သို့ပြန်ရန်အတွက် စုံစမ်းမေးမြန်း စာရင်းပေးသွင်းလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ နံနက် ၉နာရီမှ ညနေ ၆နာရီအချိန်ထိ ဆက်သွယ်နိုင်ပါသည်။

၁။ ကိုသက်ပြင်း (ဟယ်လိုမြန်မာဂျာနယ်) - ၀၁၆ ၃၇၆၇ ၆၉၆
၂။ ကိုမျိုး (ဧဒင်ဥယျာဉ်) - ၀၁၂ ၄၄၆ ၈၈၄၂ / ၀၁၆ ၂၇၄၈ ၀၇၄
၃။ ဦးမျိုးညန့် (ပညာအိမ်) - ၀၁၇ ၃၀၇၄ ၆၂၂
၎။ ဦးသီဟမောင်မောင် - ၀၁၂ ၃၈၈၈ ၄၈၀
၅။ ကိုညိုဆန်း (ပန်ဒန်းမဲဝ) - ၀၁၈ ၂၂၂ ၇၉၂၁
၆။ ဦးသန်းဝင်း (ကေအယ်လ်) - ၀၁၆ ၂၃၄၄ ၂၉၇

ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ယမန်နေ့ ဇွန်လ ၁၂ရက်နေ့က ကပုန်း နာရေးကူညီမှုအသင်းသို့ ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၂၀၀၀၀)အား ပေးအပ်လှူဒါန်းခဲ့သည်။

Posted From ဧရာဝတီဖောင်ဒေးရှင်း

0 မှတ်ချက်များ: