မြန်မာအစိုးရ သူ့အတွက် လုံခြုံရေးမပေးနိုင်ခဲ့ဘူးလို့ ကင်တားနားဝေဖန်

မြန်မာနိုင်ငံခရီးစဉ်အတွင်း သူလိုက်ပါလာတဲ့ ကားတန်း တိုက်ခိုက်ခံရတာကို မြန်မာလုံခြုံရေးဝန်ထမ်းတွေ အကာအကွယ် မပေးနိုင်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားက ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂ ကိုယ်စားလှယ် တစ်ဦးကို မြန်မာအစိုးရက ကာကွယ်ရမယ့် တာဝန်ရှိပေမယ့် သူ့အနေနဲ့ ကာကွယ်မှုမရခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ မိတ္တီလာမြို့ကို သြဂုတ်လ ၁၉ ရက် ည ၁၀နာရီခွဲချိန် အဝင်မှာ သူလိုက်ပါလာတဲ့ ယာဉ်တန်းကို ဆန္ဒပြသူ အယောက် ၂၀၀ လောက်က အော်ဟစ်ဆဲဆို ဆန္ဒပြကြတဲ့အပြင် ကားပြတင်းနဲ့ တံခါးတွေကို ကန်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီလို ဆန္ဒပြမှုတွေဖြစ်ခဲ့တဲ့အတွက် မိတ္တီလာ ပဋိပက္ခကြောင့် ဒုက္ခရောက်နေတဲ့ လူပေါင်း ၁၆၀၀ နေတဲ့ စခန်းကို သွားဖို့ အစီအစဉ် ဖျက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်ခံရတုန်း သူ့ကို လုံခြုံရေးသမားတွေ အကာအကွယ် မပေးတဲ့အတွက် ခံစားခဲ့ရတဲ့ အကြောက်တရားတွေဟာ ဘာသာရေးပဋိပက္ခဖြစ်တုန်း အကြမ်းဖက်လူအုပ်တွေရဲ့ ရန်ကနေ ထွက်ပြေးခဲ့ရသူတွေ ခံစားရမယ့် အကြောက်တရားတွေနဲ့ ယှဉ်တွေးပြီး ပိုပြီး စာနာနားလည်ရတယ်ဆိုတဲ့ သဘောလည်း ပြောသွားခဲ့ပါတယ်။

မိတ္တီလာမြို့မှာ ညဆယ်နာရီနောက်ပိုင်း မထွက်ရ အမိန့်ချမှတ်ထားပေမယ့် ကင်တားနား ရောက်ရှိလာချိန်ဟာ ည ဆယ်နာရီခွဲရှိပြီး အဲဒီအချိန်အထိ အပြင်ထွက် ဆန္ဒပြခွင့် ရရှိကြောင်းလည်း သိရပါတယ်။

ကင်တားနားအနေနဲ့ မြန်မာနိုင်ငံကနေ ပြန်လည် မထွက်ခွာခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောခဲ့တာဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကိုယ်တိုင် သတင်းယူခဲ့တဲ့ ရေဒီယို သြစတြေးလျ သတင်းထောက် မဝေစန္ဒာကျော်က အပြည့်အစုံ တင်ပြမှာ ဖြစ်ပါတယ်။

သူ့ခရီးစဉ် အဆုံးမသတ်ခင် ၉ ရက်မြောက်နေ့က မိတ္ထီလာမြို့ကို ရောက်သွားတဲ့အခါမှာတော့ ဆန္ဒပြသူ လူအုပ်ကြီးက ကားကို ၀ိုင်းအုံလာပေမဲ့ အနားမှာရှိနေတဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ကိုင်တွယ် ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဘူး လို့ မစ္စတာ ကင်တားနားက သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ပြောပါတယ်။

"ကျနော် ကားကို လူအုပ်ကြီး က ၀ိုင်းလာပါတယ်။ ကျနော် ကားကို ထုရိုက်ကြတယ်။ ပြီးတော့ ဆိုးဆိုးရွားရွား အော်ဟစ်ကြပါတယ်။ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကျနော့် ကို အကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အဲဒီနေရာမှာ အစိုးရဘက်က အကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီကိစ္စကိုလည်း ကျနော် မြန်မာအစိုးရကို ထောက်ပြ
ခဲ့ပါတယ်။"

အခုလို လုံခြုံရေး ကိစ္စလျော့နည်းမှု အပေါ် မစ္စတာ ကင်တားနားက ဝေဖန် ခဲ့ပေမဲ့လည်း ဘာသာရေး ပဋိပက္ခတွေ ဆိုးဆိုးရွားရွား ဖြစ်ပြီးတဲ့ နောက်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တွေရဲ့ ဆောင်ရွက်နိုင်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကောင်းမွန်တဲ့ လုပ်ရပ် တစ်ခု ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံကို ၈ ကြိမ်မြောက် ရောက်ရှိခဲ့တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ နောက်ဆုံး ခရီးစဉ်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံခွင့် မရခဲ့ပါဘူး။ အခုလို တွေ့ဆုံခြင်းမရှိတာာ အခြား အကြောင်းတွေကြောင့် မဟုတ်ပဲ အရင်ခရီးစဉ်တွေ အတွင်းမှာလည်း အခုလို တွေ့လေ့တွေ့ထ မရှိတာကြောင့် မတွေ့တာလို့ နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်ကပြောပါတယ်။

“ကျနော်တို့က အရင် အခေါက်တွေ တုန်းကလည်း မတွေ့ပါဘူး။ မစ္စတာကင်တားနား ကိုလေ။ ရှေ့လာတုန်းက ခရီးစဉ် မှာတုန်းကလည်း မတွေ့ပါဘူး။ မစ္စတာ ကင်တားနား သတင်းအချက်အလက် ရရှိဖို့ နေရာတွေကို သွားနိုင်ဖို့ တွေ့ချင်တဲ့ ၀န်ကြီင်္းဌာနတွေနဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးပြီးသားမို့ သမ္မတ ကြီးနဲ့ တွေ့ဆုံဖို့ အကြောင်း မရှိပါဘူး”

ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့ချိန်မှာ တုန်းကလည်း မစ္စတာ ကင်းတာနားအပေါ် ရခိုင်လူမျိုးတွေက ဆန္ဒထုတ်ဖော်မှု တွေ ပြုလုပ်ခဲ့ပြီး အဲဒီ ချိန်တုန်းကတော့ သူက ဆန္ဒပြတဲ့ ရခိုင် အမျိုးသမီးတစ်ဦး ကို ဘာကြောင့် ဆန္ဒ ပြရသလဲ ဆိုတာကို မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်ကို သွားရောက်စဉ် အဲဒီမှာ ဒေသခံ အာဏာပိုင်တွေအပြင် ရခိုင်ဗုဒ္ဓဘာသာဝင်တွေရော၊ မွတ်စလင် အသိုင်းအ၀ိုင်းနဲ့ပါ တွေ့ဆုံခွင့်ရခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စတဲ့ ဒေသတွေမှာလည်း ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လူမှုရေနဲ့ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့တဲ့အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့နိုင်ငံရေး အကျဉ်းသားတွေကို အင်းစိန်ထောင်မှာရော၊ ရခိုင်ပြည်နယ်အတွင်းမှာရော တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကို သူရောက်ခဲ့စဉ်မှာ ရခိုင်ဝန်ကြီးချုပ် အပါအ၀င်၊ လူဝန်မှုကြီးကြပ်ရေးက တာဝန်ရှိသူတွေကပါ ရခိုင်ပြည်နယ်တွင်းက မွတ်စလင်လူနည်းစုတွေ အပေါ်မှာ တစ်အိမ်ထောက်ကလေး ၂ ယောက်ပဲ ယူရမယ်ဆိုပြီးတော့ ကန့်သတ်ချက်တွေ မလုပ်ပါဘူးလို့ ပြောခဲ့တယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံ အတွင်းမှာကျန်ရှိနေသေးတဲ လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ကိုလည်း မစ္စတာ ကင်တားနားက သူ့ရဲ ခရီးစဉ် နောက်ဆုံးနေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ တောင်းဆို သွားခဲ့ပါတယ်။

ABC

0 မှတ်ချက်များ: