ဘဏ်များအား ပထမဆုံး ပြည်တွင်း Prepaid Card (visa ကြိုတင်ငွေဖြည့်ကတ်) ကို မြန်မာနိုင်ငံသားကတ် ကိုင်ဆောင်ထားသူများ နိုင်ငံရပ်ခြားသွားရောက်သည့်အခါအသုံးပြုနိုင်ရန် ဗဟိုဘဏ်က ခွင့်ပြုပေးလိုက် ပြီဖြစ်ကြောင်း Visa မှ ထုတ်ပြန်လိုက်သည်။
နိုင်ငံရပ်ခြားသို့ သွားလာသည့် မြန်မာနိုင်ငံသားများ၏ လုပ်ငန်းဆိုင်ရာများနှင့် အပန်းဖြေသွားရောက်မည့် နိုင်ငံသားများအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်ဖြစ်ကြောင်း ကုမ်္ပဏီက ဆိုသည်။
Visa မှ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဌာနေ ကိုယ်စားလှယ် Somboo Krobteeranon က“မြန်မာဘဏ်တွေနဲ့ အတူတကွ ပူးပေါင်းပြီး ကြိုတင်ငွေဖြည့်ကတ်တွေကို နိုင်ငံသားတွေ ပြည်ပခရီးသွားရင် အလွယ်တကူငွေပေးချေနိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။

ဌာနေကိုယ်စားလှယ်၏အဆိုအရ မြန်မာနိုင်ငံမှ ကတ်ကိုင်ဆောင်ထားတဲ့သူများသည် ပြည်ပခရီးသွားသည့် အခါတွင် ငွေစက္ကူအမြောက်အမြားသယ်ဆောင်ရန် မလိုအပ်သည့်အတွက် သက်သောင့်သက်သာနှင့် လုံခြုံမှု ရှိသည့်အကျိုးကျေးဇူးတွေကို ခံစားရမည်ဖြစ်သည်။
Visa ကြိုတင်ငွေဖြည့်ကတ်ကို နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ သန်းနှင့်ချီရှိသော Visa အသုံးပြုသည့် အရောင်းဆိုင်များ တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Visa လက်ခံသော ကမ္ဘာတစ်ဝန်းရှိ ATM နှစ်သန်းတွင် ငွေထုတ်ယူနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ၂၀၁၂ ခုနှစ် ဒီဇင် ဘာလတွင် စတင်ခဲ့သော Visa ငွေပေးချေမှု စနစ်အရ နိုင်ငံခြားသား ခရီးသွားငွေပေးချေမှုမှာ ဒေါ်လာ ၁၀ သန်းခန့်ရှိကြောင်း Visa ကုမ္ပဏီက ဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် Visa Card ကိုင်ဆောင်သူများသည် ATM ၂၀၀ကျော်မှာ ငွေထုတ်ယူနိုင်ပြီး ဆိုင်ပေါင်း ၅၅၀ ကျော်တွင် ငွေချေနိုင်နေပြီဖြစ်သည်။
http://www.mizzimaburmese.com/news/business/14400---visa-card-.html

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်