ဆန္ဒပြ မိုးထိမိုးမိ ရွှေလုပ်သားများ ညှိနှိုင်းပြေလည်မှု မရသေး

မိုးထိမိုးမိတောင် တနိုင်တပိုင် ရွှေတူးသမားများ လုပ်ပိုင်ခွင့် ပြန်ရရေး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဆန္ဒပြနေစဉ် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

ရမည်းသင်းမြို့ရှိ မိုးထိမိုးမိ ရွှေတွင်း လုပ်သားများသည် ရွှေမြင်တင် ဘုရားတွင် သပိတ်စခန်း ဖွင့်၍ ဆန္ဒပြနေသည်မှာ တလနီးပါး ရှိပြီ ဖြစ်သော်လည်း ရွှေလုပ်ကွက် ရရှိထားသော အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီနှင့် ညှိနှိုင်းပြေလည်မှု မရရှိသေးကြောင်း သိရသည်။

သဘောတူ ချူပ်ဆိုခဲ့သော စာချုပ်အရ ရွှေတွင်းတွင် လုပ်ကိုင်မှု တနှစ်ပြည့်သည့် အချိန်၊ လုပ်ငန်း ရပ်နားသည့်အခါ သင့်လျော်သော လုပ်ငန်း လျော်ကြေး ပေးရမည်ဟု ပါရှိသော်လည်း လက်ရှိတွင် တဦးလျှင် ကျပ် ၁ သိန်းခွဲသာ ပေးအပ်မည်ဟု ပြောဆိုနေခြင်း ကြောင့် ပြေလည်မှုမရသေးခြင်း ဖြစ်ကြောင်း ရွှေတွင်းလုပ်သား ဦးမြင့်အောင် ဆိုသူက ဧရာဝတီသို့ ပြောသည်။

ယင်းညှိနှိုင်းမှုသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက ရွှေလုပ်ကွက် ပိတ်သည့်အတွက် ဧပြီလနှင့်မေလ၌ ရန်ကုန်မြို့ရှိ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီရှေ့တွင် ဆန္ဒ ထုတ်ဖော်ခဲ့သည့် ပထမအကြိမ် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ချုပ်ဆိုခဲ့သော စာချုပ်အရ ဖြစ်ကြောင်း သိရ သည်။

ရွှေလုပ်သား တဦးဖြစ်သည့် ကိုရဲရင့်ထွန်း ဆိုသူကလည်း “ကျနော်တို့မှာက လူပေါင်း၁၂၅ ဦးလုံးရဲ့ စုပေါင်း အရင်းအနှီးက ငွေကျပ် သိန်း ၉၅၇၀ ကျော်ရှိတယ်။ အခု သူတို့က တဦးကို ကျပ် ၁ သိန်းခွဲပဲ ပေးမယ် ဆိုတော့ သိန်းရာ အဆင့်ပဲရှိတယ်။ ကျနော်တို့က တော့ သပိတ်စခန်းကို ဆက်ဖွင့် သွားမယ်။ ကျနော်တို့ ဘ၀တွေ ပျက်နေပြီ။ ဒီလို ဆက်လုပ်လို့ ရဲရိုက်တာ ခံချင်ခံရ ပလေ့စေ။ အငတ်ခံရမယ့် အတူတူ အရိုက်ခံရပြီး သေတာမှ ပိုကောင်းဦးမယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်က မိုးထိမိုးမိ ကုမ္ပဏီ၏ တာဝန်ခံတဦး ယင်းသပိတ်စခန်း နေရာသို့ လာရောက်ပြီး တောင်းဆိုမှုများကို တခုမှ လိုက်လျော မပေးနိုင်ကြောင်း ပြောဆိုသည့်အတွက် မကျေနပ်သော ရွှေတွင်း လုပ်သားများက ကုမ္ပဏီမှ လူများနောက်သို့ လိုက်ပါ ဆန္ဒပြရာ ညောင်အိုင်ရွာ အနားတွင် ရဲ တပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေတွင်းလုပ်သား ၁၄ ဦးနီးပါး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ရွှေတွင်းလုပ်သားများက ပြောသည်။

လက်ရှိအချိန်တွင် ထိခိုက် ဒဏ်ရာရသူများထဲမှ ၉ ဦးမှာ ရမည်းသင်း ဆေးရုံ၌ ကုသမှု ခံယူနေရပြီး ကိုယ်ဝန် ၈ လ ရှိ အမျိုးသမီး တဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း၊ သပိတ်စခန်းတွင်လည်း နေရေး စားရေးများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

“အခုချိန်ထိ ကျနော်တို့ သပိတ်စခန်း ထားတဲ့ ဘုရားကို ရဲတွေ ၀ိုင်းထားတယ်။ ဘယ်နေ့ အတင်းဝင် လုပ်မလဲ မသိဘူး။ ကုမ္ပဏီကို ကျနော်တို့ တောင်းဆိုချင်တာက ကျနော်တို့ဘ၀ ရှေ့ဆက် ရပ်တည်လို့ရမယ့် နှုန်းထားမျိုးကို ပေးဖို့ပါ။ ဒါမှမဟုတ် အရင်ကလို ကျနော်တို့ တ၀က်နှုန်းနဲ့ပဲ ဆက်လုပ်ခွင့်မျိုးလည်း တောင်းဆိုပါတယ်”ဟု ရွှေတွင်း လုပ်သား ကိုဝင်းအောင် ဆိုသူက ပြောဆိုသည်။

မိုးထိမိုးမိ ရွှေလုပ်ကွက်တွင် ဆန္ဒပြ ရွှေလုပ်သားများ လုပ်ကိုင်နေသော နေရာသည် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီက စက်ကြီးများဖြင့် ထုတ်လုပ်နေသော ထုံးကြီးတောင်နှင့် ရွှေစင်ကြော နေရာမဟုတ်ဘဲ၊ ရွှေထွက်နှုန်း နည်းပါးသော ရွှေမိုးယံ ကုမ္ပဏီနှင့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင် နယ်မြေ အကြားတွင် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၎င်းတို့နေရာတွင် ဆက်လုပ်မည်ဆိုလျှင် ရွှေတွင်း ကြီးကြပ်သူအဖြစ်သာ နေ့စားနှုန်း ဖြင့် လုပ်ကိုင်ရမည်ဟု ပြောဆိုသည်ကို လုံးဝ လက်မခံနိုင်ကြောင်း ကိုဝင်းအောင်က ဆက်ပြောသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ၏ စီမံကိန်း ဒါရိုက်တာ ဦးထွန်းအောင်စိုးကမူ မိမိတို့အနေဖြင့် ရွှေတွင်း လုပ်သားများ အပေါ် လူမှုရေးအရ တဦးလျှင် ကျပ် ၁ သိန်းခွဲနှုန်း ပေးခြင်း ဖြစ်ကြောင်း၊ ယခုထက် တိုးမြှင်ပေးရန် အစီအစဉ် မရှိတော့ကြောင်း၊ ယင်းသို့ပေးသည်ကို မကျေနပ်လျှင် ဥပဒေ အရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ရွှေတွင်းလုပ်သားများ အနေဖြင့် အသေးစား ရွှေတွင်း လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လိုပါက သတ္တုတွင်း ၀န်ကြီးဌာနနှင့် ညှိနှိုင်းပြီး သင့်လျော်ရာ နေရာတွင် လုပ်ကွက် ပြန်ရရေးကို တောင်းဆိုသင့်ကြောင်းလည်း ၎င်းက ဆိုသည်။

“အကြီးစား ရွှေလုပ်ကွက်က တနိုင်ငံလုံးမှာ ၃ ခုပဲ ရှိတာ။ အသေးစားတွေက အများကြီးပါ။ သပိတ်ကျင်းတို့၊ ရွှေကျင်တို့ ဘက်တွေမှာ ဖြစ်ဖြစ် သတ္တုတွင်း ဌာနမှာ တောင်းဆိုသွားပေါ့။ ကျနော်တို့ လုပ်ကွက် ရထားတဲ့ နေရာမှာတော့ လက်မခံတော့ဘူး။ လုပ်ချင် တယ် ဆိုရင်လည်း ကျနော်တို့ ချမှတ်ထားတဲ့ စည်းမျဉ်းအတိုင်း လုပ်နိုင်ရင်တော့ ရမယ်”ဟု ဦးထွေန်းအောင်စိုးက ပြောဆိုသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် မိုးထိမိုးမိ ရွှေတွင်း လုပ်သားများ၏ ပဋိပက္ခသည် ယခုအကြိမ်သည် ၃ ကြိမ်မြောက် ဖြစ် ပွားခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအတွင်း ပဋိပက္ခ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြ ရွှေတွင်း လုပ်သား ခေါင်းဆောင် တချို့လည်း ဖမ်းဆီးခံခဲ့ ရသည်။

ယခုနောက်ဆုံး အကြိမ် ဖြစ်ပွားမှု၌ ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော စာချုပ် ပြည့်သည့်အချိန်တွင် လျော်ကြေးငွေကိစ္စ ညှိနှိုင်းပြေလည်မှု မရခဲ့သောကြောင့် လုပ်သားများက ရွှေမြင်တင် ဘုရား တောင်ပေါ်တွင် သပိတ်စခန်း ဖွင့်ခဲ့ရာ ရမည်းသင်း ခရိုင် အုပ်ချုပ်ရေးမှူးက ညှိနှိုင်းပေးမည်ဟု ဆင့်ခေါ်ချက်အရ ရွှေတွင်း လုပ်သားများ အားလုံး တောင်ပေါ်မှ ဆင်းခဲ့ရာ ရွှေမြင်တင်ဘုရား အရောက်တွင် တားဆီးခြင်း ခံခဲ့ရကြောင်းလည်း သိရသည်။

အာဏာပိုင်များက ရွှေတွင်း လုပ်သားများအား ဘုရား ပရ၀ဏ် ဖြစ်သောကြောင့် ထွက်ခွာပေးရန် ဖိအားပေးရာတွင် ရမည်းသင်း ခရိုင် ရွှေရင်ကျော် တောင်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် သီတင်း သုံးနေသော သံဃာတပါးက ကူညီခဲ့သဖြင့် တည်းခို နားနေခွင့် ရခဲ့ကြောင်း ရွှေတွင်း လုပ်သားများက ပြောဆိုကြသည်။

ရွှေရင်ကျော်တောင်ပေါ်မှ ကျောင်းထိုင် ဆရာတော်ကို အာဏာပိုင်များက ဆက်လက် ဖိအားပေးသဖြင့် ကူညီပေးသည့် သံဃာ အား ကျောင်းမှ နှင်ထုတ်မှုကြောင့် ဆန္ဒပြ လုပ်သားများသည် ဒီဇင်ဘာ ၉ ရက်တွင် ရမည်းသင်းမြို့ သီလ၀လမ်းတွင် သပိတ်စခန်း စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သပိတ်စခန်းကို မြို့ခံ အာဏာပိုင်များက ပြောင်းရွှေ့ပေးရန် အတင်းအကျပ် ဖိအားပေးသဖြင့် ယခုနောက်ဆုံး ရမည်းသင်းမြို့မှ ၄ မိုင်ခန့်အကွာရှိ ရွှေမြင်တင် တောင်ပေါ် ဘုရား အနောက်ဘက်မုခ်တွင် သပိတ်စခန်း ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်းလည်း ရွှေ လုပ်သားများက ပြောဆိုသည်။

ရွှေတွင်း လုပ်သား ကိုရဲရင့်ထွန်းက“ကျနော်တို့ တောင်ပေါ်မှာကတည်းက စားစရာ မရှိဖြစ်ခဲ့တာ ၂ လကျော်ပြီ။ ကုမ္ပဏီကပေးတဲ့ ငွေက မုန့်ဖိုးတောင် မရှိဘူး။ ဒုက္ခရောက်တဲ့ ဒဏ်လည်း ခံခဲ့ရတာ လချီနေတော့ ဒီထက်ပိုပြီး ဒုက္ခရောက်မယ့် အဖြစ်ကို လက်မခံနိုင်တော့ဘူး။ ကျနော်တို့ အဆင်ပြေအောင် မစီစဉ်ပေးဘူး ဆိုရင် ကျနော်တို့က သေတဲ့အထိ ဆက်တောင်းဆို သွားမယ်”ဟု ပြော သည်။
မိုးထိမိုးမိ ရွှေလုပ်ကွက်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ ဧက ၆၁၀၅ ဧကကို အစိုး ရ နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခွင့် ရရှိခဲ့ပြီး နောက်ပိုင်း တနိုင်တပိုင် လုပ်ကိုင်ခဲ့သော ရွှေတွင်း လုပ်သားများနှင့် ပဋိပက္ခ စတင် ဖြစ်ခဲ့ကြသည်။ ထိုလုပ်ကွက်အတွက် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ နိုင်ငံတော်သို့ တလလျှင် ရွှေ ၇၃ ပိဿာကို လစဉ် ပေးသွင်းရကြောင်း သိရသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ အုပ်စုက တရားဝင်လုပ်ကိုင်ခွင့် ရရှိခဲ့ပြီးနောက် အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခု အတွင်း အလုပ်သမား ၂ သိန်းကျော်ကို ၅ နှစ် သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများအား အချိုးကျ ခွဲယူရန် ကတိရှိခဲ့သော် လည်း ၇ လအကြာ ၂၀၁၁ ဧပြီလတွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်ပင်ခဲ့သည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုတွင် ဝေလင်းထိုက်၊ အာရှအမြုတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအစ်ကို၊မြင့်မိုရ်ရွှေတောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K.၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။

http://burma.irrawaddy.org/business/2013/12/23/52564.html

0 မှတ်ချက်များ: