တရားလို တိုင်းသာသနာရေးမှူး ဦးစိန်မော်မှ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာငါးပါးအား စွဲဆိုထားသော သံဃာ့ဥပဒေပုဒ်မနှင့် ပတ်သက်၍ တရားလိုကို စစ်ဆေးရာတွင် တရားခွင်၌ တရားစွဲဆိုခံထားရသည့် ဆရာတော်များ၏ ရှေ့နေများမှ မေးခွန်းများ လွတ်လပ်စွာ မေးခွင့်မရဘဲ တစ်စုံတစ်ရာ ဖိအားပေးခံထားရမှုများ ရှိနေကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရမှ မိန့်ကြားသည်။
၂၀၁၄ ခုနှစ် ဇူလိုင် ၄ ရက်တွင် တာမွေတရားရုံး၌ စတုတ္ထရုံးချိန်းခေါ်ယူခဲ့ပြီး အဆိုပါရုံးချိန်းတွင် တရားလို တိုင်းသာသနာရေးမှူး ဦးစိန်မော်အား မေးမြန်းခဲ့ရာတွင် အချို့မေးခွန်းများကို ဆရာတော်၏ ရှေ့နေများမှ လွတ်လပ်စွာ မေးမြန်းခွင့်မရခဲ့ဘဲ တာမွေမြို့နယ်တရားသူကြီး ဦးစန်းအောင်မှ မေးခွန်းများပယ်ချခဲ့ကြောင်း သိရသည်။
“တရားစွဲခံရတဲ့ သံဃာငါးပါးမှာ သုံးပါးကို မေးဖို့ကျန်သေးတယ်။ အရင်အပတ်နဲ့ ဒီအပတ်က ဘာကွာလဲဆိုရင် မေးခွန်းတွေ မေးချင်တိုင်မေးလို့မရဘဲ ဖိအားပေးနေသလို ခံစားရတယ်။ အချို့မေးခွန်းတွေမှာ အပိတ်ခံရတာတွေရှိသလို အချို့မေးခွန်းမတူဘဲ မေးတဲ့မေးခွန်းတွေမှာဆို မေးလို့မရတဲ့ဟာတွေ၊ မဆိုင်ဘူးဆိုတာတွေ ဖြစ်လာတဲ့အတွက် ဒီအပတ်က ရှေ့နေတွေရဲ့ မေးခွန်းတွေကို ဖိအားပေးခံရတယ်လို့ ခံစားရတယ်။ အခုလောလောဆယ် ဘာမေးခွန်းတွေ အပိတ်ခံရလည်းဆိုတာ မဖြေနိုင်သေးဘူး။ တရားရုံးကပြောတာတွေကို ပြန်ပြောရင် ဘုန်းကြီးတို့က အမှုရင်ဆိုင် နေရတာဆိုတော့ တရားစွဲတာတို့တွေ ဖြစ်လာနိုင်တော့ ပြောပိုင်ခွင့် မရှိပါဘူး။ ဘယ်လိုအကြောင်းအရာ ဖြစ်လာမလဲဆိုတာပေါ် မူတည်ပြီး ဖြေကြားခွင့်ရတဲ့အခါ ဖြေကြားမယ်” ဟု လန်ဒန်ဆရာတော် ဦးဥတ္တရမှ မိန့်ကြားသည်။
ယင်းအမှုအား စစ်ဆေးရာတွင် တရားခွင်အတွင်းသို့ အခြားအမှုများနှင့်မတူစွာ မည်သည့်သတင်းမီဒီယာကိုမှ အလွတ်သဘောဖြင့် နားထောင်ခွင့်မပြုခဲ့ဘဲ ပွင့်လင်းမြင်သာမှုမရှိစွာဖြင့် ရဲဝန်ထမ်းများက အထက်အမိန့်အရဟုဆိုကာ ပိတ်ဆို့တားဆီးခဲ့သည်။
တရားလို တိုင်းသာသနာရေးမှူး ဦးစိန်မော်က ဆရာတော်ငါးပါးအား သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ နှင့် သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)တို့ဖြင့် တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။ ဇွန် ၂၀ ရက် ရုံးချိန်းတွင်မူ ပုဒ်မ ၂၉၅(က)နှင့် ပတ်သတ်သည်ကို တရားလိုအား စစ်ဆေးမေးမြန်းခဲ့ပြီး တတိယရုံးချိန်းတွင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ အမှတ် ၂၀/၉၀ ကို စစ်ဆေးခဲ့ကာ ပြီးပြတ်ခြင်းမရှိသည့်အတွက် ယခုရုံးချိန်းတွင် ၂၀/၉၀ ၏ ပုဒ်မ ၁၄ ပြစ်မှုအမှတ် ၂၆၃/၂၀၁၄ ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့က တရားလိုကို သံဃာ့ဥပဒေပုဒ်မနဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့တာပါ။ တရားရုံးကစွဲဆိုတဲ့ အမှုအတွက် ကျွန်တော့်အနေနဲ့ တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက်တဲ့ အနေအထားမဖြစ်အောင် ပြောဆိုရပါတယ်။ မဟနက သံဃာငါးပါး ပြစ်ဒဏ်သက်သာအောင် ယုံကြည်တယ်ဆိုတဲ့ သာသနာရေးဝန်ကြီးရဲ့ ပြောစကားက သာသနာရေးဝန်ကြီးက ပြစ်ဒဏ်လျော့တဲ့ ကိစ္စကိုပြောတော့ ကျွန်တော့်ရဲ့အမှုသည် ဆရာတော်ဦးဥတ္တရကို ပြစ်ဒဏ်ချမှတ်မှာ သေချာနေသလိုပဲ။ ဒီအမှုစွဲပြီးတဲ့နောက်မှာ မဟနက သူတို့နဲ့မဆိုင်ဘူး။ တရားရုံးက ဆုံးဖြတ်မယ်လို့ ပြောတာကြားရတယ်။ တရားရုံးကပဲ အပြစ်ရှိ၊ မရှိ ဆုံးဖြတ်ပါလိမ့်မယ်” ဟု လန်ဒန်ဆရာတော် ဦးဥတ္တရ၏ရှေ့နေ ဦးနေလက ဆိုသည်။
ဆရာတော်ဦးဥတ္တရက အမှုစစ်ဆေးသည့်အခါတွင် အမှန်တရားပေါ်ပေါက်လာအောင် စစ်ဆေးဖို့လိုကြောင်း တတိယမြောက် ရုံးချိန်းတွင် မိန့်ကြားထားသည်။
လန်ဒန်ဆရာတော် အပါအ၀င် သံဃာငါးပါးကို ၂၀၁၄ ခုနှစ် ဇွန် ၁၃ ရက်တွင် တာမွေတရားရုံးတွင် လူဝတ်လဲရုံးထုတ်ခဲ့ပြီး အင်းစိန်ထောင်ပို့ခဲ့ကာ ဇွန် ၂၀ ရက်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။
ယနေ့ရုံးချိန်းသို့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ၊ ရွှေည၀ါဆရာတော်နှင့် အခြားသံဃာများ လာရောက်ခဲ့ကာ ငါးကြိမ်မြောက်ရုံးချိန်းအဖြစ် ဇူလိုင် ၁၈ ရက် နေ့လည် ၁၂ နာရီတွင် ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။
ELEVEN MEDIA မှ ကူးယူဖော်ပြသည်။
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်